Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏ အရှိန်ကြောင့် သဘာဝဘေးရှောင်ရှားရသူများအတွက် COVID-19 ရောဂါကာကွယ်ရေးပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ထားဟုဆို

၂၀၁၈ ခုနှစ်တွင် ပဲခူးမြို့ ၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) 

လက်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN) ၏ အရှိန်ကြောင့် မိုးကြီး၊ ရေကြီးမြေပြိုမှုများအပါအဝင် သဘာဝဘေးအန္တရာယ် နှင့်ကြုံတွေ့လာပါက သဘာဝဘေးရှောင် အဆောက်အဦများသို့ ရှောင်တိမ်းနေထိုင်ရသည့် အခါတွင် COVID-19 ရောဂါကာကွယ်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ထားကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ မေ ၁၇ ရက်တွင် ပြောကြားသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းက “မိုးဇလထုတ်ပြန်ချက် ပေါ်မူတည်ပြီး ပြည်သူတွေလိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် မိုးများရင်လည်း ကမ်းရိုးတန်းဒေသက အဓိက ထိခိုက်မယ်။ ကုန်းတွင်းပိုင်းကြတော့ မိုးကြီးတာတို့၊ လျှပ်တစ်ပြတ်ရေဘေးတို့ကိုကြုံတွေ့ရနိုင်တယ်။ ပြည်သူတွေအတွက် COVID-19 ကာကွယ်ရင်း သဘာဝဘေးကိုရှောင်ရှားဖို့ ကျွန်မတို့ဌာနကလည်းအကြံပြုချက်ထုတ်ပြန်ခဲ့တယ်” ဟုပြောသည်။တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲများရှိကြောင်း၊ သဘာဝဘေးတစ်ခုခုကြောင့်ရှောင်ရှားရပါက သဘာဝဘေးရှောင် ပြည်သူများကို ၃ပေ မှ ၆ ပေကြားခွဲခြားထားရှိရန်၊  နှာခေါင်းစည်း၊  လက်ဆေးဆပ်ပြာရည်များထောက်ပံ့ရန် ကြိုတင်စီစဉ်ထားကြောင်း သိရသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းက “ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်မှာ ပဲ နေသင့်တယ်။ သဘာဝဘေးကြောင့်  တကယ်ရွှေ့ဖို့ လိုအပ်ရင်ရွှေ့တဲ့အခါမှာလည်း COVID-19 ရောဂါ ကို ကာကွယ်မှုတွေ နဲ့ပတ်သက်ပြီး ကရုပြုစေချင်ပါတယ်’’ ဟုပြောသည်။ 

ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်(AMPHAN)၏ လက်ရှိအခြေအနေ သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်သတ်မှတ်ထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မုန်တိုင်းကြောင့် မိုးရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။  (Xinhua)