Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် အဝါရောင်အဆင့်သတ်မှတ် ရေကြောင်း၊လေကြောင်းသွားလာရေးများ ကြိုတင်သတိပြုရန်လ

မုန်တိုင်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော အားကောင်းသောမုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့်  ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်း ဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာကို မေ ၁၆ ရက်တွင် ပြောသည်။

ဦးလှထွန်းက “လတ်တလောအခြေအနေအရ မုန်တိုင်းက မြန်မာနိုင်ငံ ဘက်ကို တိုက်ရိုက်ဝင်ဖို့တော့ မရှိဘူး။ မုန်တိုင်းသွားမယ့်လမ်းကြောင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေရဲ့ အနောက်တောင်ပိုင်း၊ စစ်တကောင်းနားဆို ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ နည်းနည်းနီးတယ်။ ဗဟိုချက် က မြန်မာနိုင်ငံကို မဖြတ်ပေမယ့် မုန်တိုင်းအဆောက်အအုံနဲ့ ဘေးနားကတိမ်တိုက်တွေက ကိုယ့်ဆီ ရောက်မှာ သေချာတယ်။ တိမ်တိုက် တွေကမ်းရိုးတန်းကို ရောက်ရင် မုန်တိုင်းရဲ့ အရှိန် ကိုခံစားရမှာဖြစ်တယ်’’ ဟုပြောသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင် ကြောင်း မိုးဇလမှ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ 

ယနေ့ နေ့လည် ၂နာရီ ထုတ်ပြန်ချက်အရ အားကောင်းသောမုန်တိုင်းငယ် သည် နောက်(၉)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မေ၁၇ ရက် နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလမှ ထုတ်ပြန်ခဲ့သည်။ 

ဦးလှထွန်းက “မုန်တိုင်းက လက်ရှိမှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာပဲရှိတယ်။ တဖြည်းဖြည်းနဲ့ တက်လာရင် မြန်မာနိုင်ငံ အတွက် မေ ၁၈ ရက်လောက် မှာ သက်ရောက်မှုရှိနိုင်တယ်။ ၁၈ ရက် နေ့ဆိုရင် မုန်တိုင်းကလည်း ပိုအားကောင်းလာတယ်။ မုန်တိုင်းအဆောက်အအုံကလည်း ပိုအားကြီးလာတယ်။ မုန်တိုင်းအဆောက်အအုံရဲ့ တိမ်တိုက်တွေက မြန်မာ့ကမ်းရိုးတန်းဘက်ရောက်မှ မုန်တိုင်းအရှိန်သက်ရောက်တယ်လို့ ပြောရတာ’’ ဟု ဖြည့်စွက်ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နေ့လည်မှ နောက် ၄၈ နာရီအတွင်း  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရသည်။  (Xinhua)