Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်း ၉၉မိုင်တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောင်းထဲတိမ်းမှောက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိ

ခရီးသည်တင် ယာဉ်တစ်စီး ချောင်းထဲတိမ်းမှောက်သွားသည်ကို ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓါတ်ပုံ-ဆင်ဖြူတော်လူမှုကူညီရေးအသင်း)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်း ၉၉မိုင် ၅ဖာလုံတွင်ယနေ့ နံနက် ၄ နာရီ ၄၇မိနစ်က ခရီးသည်တင် ယာဉ်တစ်စီးသည် ကားဘီးပေါက်ပြီး အရှိန်လွန်ကာ ချောင်းထဲတိမ်းမှောက်သွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်တပ်ဖွဲ့ထံမှ သိရသည်။” ခရီးသည်တင်ကားပေါ်မှာ ခရီးသည်အပြည့်ပါတဲ့အပြင် အလယ်ခုံတွေမှာပါလူပါတယ်၊ ဒါပေမယ့် ၁၁ယောက်ပဲ ထိခိုက်ဒဏ်ရာရတယ်” ဟု အမြန်လမ်းမကြီးရဲတပ်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ခရီးသည်တင် ယာဉ်တစ်စီး ချောင်းထဲတိမ်းမှောက်သွားသည်ကို ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓါတ်ပုံ-ဆင်ဖြူတော်လူမှုကူညီရေးအသင်း)

ခရီးသည်တင် ယာဉ်တစ်စီး ချောင်းထဲတိမ်းမှောက်သွားသည်ကို ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓါတ်ပုံ-ဆင်ဖြူတော်လူမှုကူညီရေးအသင်း)

အဆိုပါတိမ်းမှောက်သွားသော နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို မြို့ချောင်းဆေးရုံသို့ပို့ဆောင်ထားပေးကြောင်း သိရသည်။

” အသေအပျောက်မရှိပါဘူး၊ ဒဏ်ရာရသူတွေကလည်း ခေါင်းပေါက်တယ်၊ လက်ထိတယ်၊ ခြေထိတယ် ဒါမျိုးတွေရတယ်၊ပြင်းပြင်းထန်ထန်စိုးရိမ်စရာအခြေအနေတော့မတွေ့ရပါဘူး။တစ်ယောက်ကတော့ ရင်ဘတ်အောင့်တယ်ဆိုတာမျိုးရှိတယ်” ဟု ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော ဆင်ဖြူတော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ချောင်းအတွင်း တိမ်းမှောက်သွားသော မော်တော်ယာဉ်အား အပေါ်သို့ ပြန်လည်ဆွဲတင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)