Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဆယ်ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၆ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးတွင် ဆယ်ဘီးကား တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် [ဓာတ်ပုံ--လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်)]

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ဆယ်ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့ပြီး အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီကျော် အချိန်အထိ ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဝိုင်းမော်မြို့နယ်ရှိ လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးတွင် ဆယ်ဘီးကား တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် [ဓာတ်ပုံ–လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်)]

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဆယ်ဘီးကား တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဝိုင်းမော်မြို့ အထွေထွေရောဂါကု ဆေးရုံရှေ့ မြင်ကွင်းအားတွေ့ရစဉ် [ဓာတ်ပုံ–လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်)]

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဆယ်ဘီးကား တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဝိုင်းမော်မြို့ အထွေထွေရောဂါကု ဆေးရုံရှေ့ မြင်ကွင်းအားတွေ့ရစဉ် [ဓာတ်ပုံ–လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်)]

လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်) မှ တာဝန်ရှိသူက “ကျွန်တော်တို့ အသင်းအနေနဲ့ ဝိုင်းမော်ဆေးရုံကနေ ကျွန်တော်တို့က မြစ်ကြီးနားကို ၄ ယောက်ပို့ဆောင်ပေးခဲ့ရပါတယ်။ သေဆုံးသူ ၆ ယောက်မှာ ၃ ယောက်က အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးခဲ့တာပါ။ ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံသွားတဲ့ လမ်းပေါ်မှာ သေဆုံးခဲ့တာပါ။ ဆေးရုံနဲ့ အခင်းဖြစ်တဲ့နေရာနဲ့ကဝေးပါတယ်” ဟု ပြောသည်။

သေဆုံးသူ ၆ ဦးမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်ပေါ်တွင် လူ ၃၅ ဦးလိုက်ပါလာကြောင်း သိရသည်။

“အဲဒီကားက လမ်းဆောက်လုပ်ဖို့သွားတာပါ။ ဝိုင်းမော်ကနေ ချီဖွေမြို့ကို ထွက်တာပါ။ တောင်တက်ရတဲ့နေရာမှာ ဂီယာမနိုင်လို့ အခုလိုတိမ်းမှောက်တယ်လို့ ထင်ပါတယ်။ ယာဉ်ပေါ်ပါ လူအားလုံး ဒဏ်ရာရရှိခဲ့ပါတယ်။ အခုအထိလည်း ကူညီရှာဖွေရေးတွေ ဆောင်ရွက်နေတုန်းပါ။ ကားအောက်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ပိမိနေတာကို ဆွဲထုတ်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းတာဝန်ရှိသူက ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။

အဆိုပါမတော်တဆမှုနှင့် ပတ်သက်၍ လပြည့်ဝန်း လူမှုကူညီရေးအသင်း (ခါ့ကွမ်)၊ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း၊ မိဘမေတ္တာလူမှုကူညီရေးအသင်း၊ မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်း၊ မေတ္တာနှလုံးသား လူမှုကူညီရေးအသင်းတို့မှ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့်အတူ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)