Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ယနေ့(မတ် ၃၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ည ၉ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ဆိုင်ကယ်တစ်စီးကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်းပြီး ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး၏ နေအိမ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀၀ ပြားအား လည်းကောင်း ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်များအရ မတ် ၂၆ နှင့် ၂၇ ရက်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၆၀,၀၀၀ ထပ်မံသိမ်းဆည်းရမိပြီး အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်ရာတွင် ပါဝင်သော ဆက်စပ်သူများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)