Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ အားလုံးပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို မနက်ဖြန် အဓိက ဆွေးနွေးမည်

(၉) ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC တွင် သြဂုတ် ၆ ရက်နေ့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယနေ့ (သြဂုတ်လ ၇ ရက်)တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်၌ တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသား အဆင့်မြှင့် ညှိနှိုင်းရေးအဖွဲ့ (SD)မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ပူးဇင်ကျုံးက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD) တို့ ယနေ့ ဆွေးနွေးသည့် (၉)ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၌ NCA စာချုပ်ပါ အချက်အလက် အားလုံးနီးပါး သဘောတူညီ ထားပြီး ဖြစ်သော်လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကို ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

“UPWC ဘက်ကတော့ NCA ကို အားလုံးနီးပါး ဆွေးနွေးတာ သဘောတူညီမှု ရထားပြီးပြီလို့ ပြောလို့ရပါတယ်၊ ဒီညနေမှာ နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးတာ အားလုံးသဘောတူ ပြီးစီးပြီ ဖြစ်ပါတယ်” ဟု UPWC မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
(၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ၌ ယခင်ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက် (၃) ချက်ကို ဆွေးနွေးခဲ့ပြီး စာချုပ်တွင် နှစ်ဖက်ခေါင်းဆောင်များ လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပြည်တွင်း သက်သေများ ခေါ်ယူရေးကို နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ ပြည်ပသက်သေများ မည်သည့်အဖွဲ့များခေါ်ယူရေးကို နှစ်ဖက်ခေါင်းဆောင်များ ၉၀ ရာခိုင်နှုန်းသာ သဘောတူညီမှုရရှိထားကြောင်း ၎င်းကပြောသည်။

အဆိုပါ ဆွေးနွေးပွဲ ဒုတိယနေ့ ၌ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD)မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ပူးဇင်ကျုံးက ဆိုသည်။
“စာချုပ်ပါ အချက်အလက်ကို အားလုံး နီးပါးဆွေးနွေးခဲ့ပေမယ့် တစ်ချို့အချက်အလက်တွေကို သဘောတူညီမှု အချို့မရသေးဘူး။ NCA အပြီးတော့ အချောမသတ်နိုင်သေးဘူး”ဟု ၎င်းက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ကို အစိုးရဘက်မှ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြင် လွှတ်တော်ဥက္ကဌများက လက်မှတ်ရေးထိုးမည်ဖြစ်ပြီး တိုင်းရင်းသားများဘက်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် စစ်ဦးစီးချုပ်များပါဝင်လက်မှတ်ရေးထိုးရေး သဘောတူထားကြောင်း၊ ပြည်ပ သက်သေများအဖြစ် UN၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းစသည်များ ရှေ့တွင် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရ ဘက်မှ သဘောတူထားပြီး တိုင်းရင်းသားဘက်နှင့် အစိုးရ သဘောတူညီမှု အပြီးသတ် မရထားသေးကြောင်း ပူးဇင်ကျုံးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အစိုးရဘက်မှ နည်းလမ်းရှာဖွေပြီး ရှေ့ဆက်သွားရန် ဆန္ဒရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယနေ့ ( ၉) ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) ညှိနှိုင်း ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ပြောကြားသည်။

( ၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ စတင် ဆွေးနွေးခဲ့ပြီး လေ့လာသူ အဖြစ် ကမ္ဘာကုလသမဂ္ဂ ကိုယ်စားပြု မစ္စမာရီယမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာ စန်ဂေါင်ဇင်းတို့ တက်ရောက်ခဲ့သည်။ (Xinhua)