Connect with us

Politics, Law & Military

ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ယနေ့ထိ ၂,၆၁၈ ဦးပြီး ပြည်ခိုင်ဖြိုး ပါတီမှ အများဆုံး အမည်စာရင်း ပေးသွင်းထား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ၏ ပထမအကြိမ် ပါတီညီလာခံ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများ အလိုက် အမည်စာရင်း တင်သွင်းလျှက် ရှိရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်း အရေအတွက် ၉၄၈ ဦး စာရင်း ပေးသွင်းထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ၂၀၈ ဦးအား သြဂုတ် ၅ ရက်နေ့ အထိ စာရင်း ပေးသွင်းထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မှ ယနေ့ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြည်သူ့လွှတ်တော် နေရာအတွက် ၂၆၉ ဦး ၊ အမျိုးသား လွှတ်တော် နေရာအတွက် ၁၃၈ ဦး ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် ၅၂၁ ဦးနှင့် တိုင်းရင်းသား လူမျိုးစု အတွက် ၂၀ ဦးစီ အသီးသီး ပေးသွင်းထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် နေရာအတွက် ၆၇ ဦး ၊ အမျိုးသား လွှတ်တော် နေရာအတွက် ၂၆ ဦး ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အတွက် ၁၀၇ ဦးနှင့် တိုင်းရင်းသားလူမျိုးစု အတွက် ၈ ဦးစီ စာရင်း ပေးသွင်းထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ပါတီအလိုက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၉၀ ဦးနှင့် နိုင်ငံရေး ပါတီ ၆၄ ပါတီမှ ကိုယ်စားလှယ် စုစုပေါင်း ၂,၆၁၈ ဦးအထိ ရှိနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(USDP) ပါတီမှ အများဆုံး စာရင်း ပေးသွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စာရင်း ဇယားများအရ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပါတီ ဥက္ကဌ၊ ပြည်သူလွှတ်တော်ဥက္ကဌ နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းသည် ဖြူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှ လည်းကောင်း ၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာအတွက် လည်းကောင်း၊ ဒုတိယ ဥက္ကဌ ဦးဌေးဦးသည် ဟင်္သာတ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှ လည်ကောင်း အမည်စာရင်းတင်သွင်း ထားကြောင်းသိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှုး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာမှ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားပြီး ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ မဲဆန္ဒနယ်များအလိုက် အမည်စာရင်း တင်သွင်းခြင်းကို သြဂုတ်လ ၁၄ ရက် အထိ တိုးမြှင့် သတ်မှတ် ပေးထားသည်။ (Xinhua)