Connect with us

Politics, Law & Military

အပစ်အခတ် ရပ်စဲရေး စာချုပ် သြဂုတ်လ၌ အပြီးသတ် ဆွေးနွေးနိုင်ရန် ဆန္ဒရှိဟုဆို

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး နောက်ဆုံးနေ့တွင် နှစ်ဖက် ကိုယ်စားလှယ်များ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သြဂုတ်လ၌ အပြီးသတ် ဆွေးနွေးနိုင်ရန် ဆန္ဒရှိကြောင်း ယနေ့ ကျင်းပသည့် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး အပိတ် မိန့်ခွန်း၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

“သြဂုတ်လ အစည်းအဝေးမှာလဲ နောက်ဆုံး အပြီးသတ် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိပါတယ်၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ဘက်က ကြိုးပမ်းလာသကဲ့သို့ နောက်ပိုင်းမှာလဲ ကြိုးပမ်း ဆောင်ရွက်ပါလို့ တောင်းဆိုပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံမှ တင်ပြလာသည့် NCA ပါ အချက် ၁၃ ချက်ကို အချောသပ် ပြင်ဆင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ရာ အချက် နှစ်ချက်သာ နှစ်ဖက် ခေါင်းဆောင်များ သဘောတူညီမှု ရယူရန်သာ လိုအပ်ပြီး အပစ်အခတ် ရပ်စဲရေး စာချုပ် အချောသပ် ဆွေးနွေးနိုင်မည့် အလားအလာ ရှိကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ခေါင်းဆောင် (၂) ပူးဇင်ကျုံးက ပြောသည်။

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ တတိယနေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် အစိုးရဘက်မှ ၁၆ ဖွဲ့ဖြင့် လက်မှတ် ရေးထိုးမည့် အဆိုနှင့် တိုင်းရင်းသားများ ဘက်မှ အားလုံး ပါဝင်နိုင်ရေး ဆွေးနွေးမှုကို အစိုးရဘက်မှ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ပြမည် ဖြစ်သလို တိုင်းရင်းသားများ ဘက်မှလည်း ခေါင်းဆောင်များထံ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) တို့ သြဂုတ်လ ပထမပတ် အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အပြီးသတ် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး တတိယနေ့၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် အစိုးရနှင့် တိုင်းရင်းသားများ ဘက်မှ မည်သူများ ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး၊ နိုင်ငံတကာ အသိ သက်သေအဖြစ် မည်သူများကို ဖိတ်ကြားပြီး လက်မှတ်ရေးထိုး နိုင်ရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသားများ ဘက်မှ အားလုံးပါဝင် နိုင်ရေးများကို ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်မှ စတင် ခဲ့ပြီး ဇူလိုင် ၂၄ ရက်နေ့ထိ ဆွေးနွေးခဲ့သည်။ (Xinhua)