Connect with us

Politics, Law & Military

ကန့်သတ်မှုများ လျော့နည်းသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်း အမျိုးသား လွှတ်တော်သို့တင်သွင်း

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးဒေါက်တာမြတ်ဉာဏစိုးရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တည်ဆဲ ဖြစ်သော ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အထူး ကုမ္ပဏီ အက်ဥပဒေ တို့ကို ပေါင်းစည်းကာ ခေတ်စနစ်နှင့် လျော်ညီပြီး အကန့်အသတ်များ လျှော့ချ ထားသည့်ပြင်ဆင်ရေးဆွဲထားသော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းအသစ် ကို ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တင်သွင်းခဲ့သည်။

“လက်ရှိ ကျင့်သုံးလျက်ရှိတဲ့ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ Burma Company Act သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိနေပြီ ဖြစ်ပါသဖြင့် ခေတ်ကာလနဲ့လိုက်လျောညီထွေမှု မရှိတော့ခြင်း၊ နိုင်ငံတော် ၏ စီးပွားရေး မူဝါဒများနဲ့လည်း လိုက်လျောညီထွေမှု မရှိတော့ခြင်း တို့ကြောင့် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဥပဒေများနဲ့ အညီခေတ်နဲ့ လျော်ညီတဲ့ ဥပဒေ ဖြစ်စေရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်၊ နိုင်ငံအတွင်း အရင်းအနှီး ဈေးကွက် Capital Market များ ဖွံ့ဖြိုး တိုးတက် လာစေရန်၊ electronic registering နည်းလမ်းဖြင့် ကုမ္ပဏီများအား ဖွဲ့စည်း မှတ်ပုံတင်ပေးခြင်း အားဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန်တို့ကို ရည်ရွယ်ပြီး Asian Development Bank ADB ရဲ့ နည်းပညာအကူအညီ

တို့ကို ရယူ၍ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေ တို့ကို ပေါင်းစည်းကာမြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအသစ်ကို ပြင်ဆင် ရေးဆွဲခဲ့ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ရှင်းပြခဲ့သည်။ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်းများ ထံမှ သဘောထား မှတ်ချက်များ ရယူ၍ ပြုစု ရေးဆွဲခဲ့ပြီး ၅ – ၁ – ၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးက သဘောတူ ခွင့်ပြုခဲ့သော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်း၌ အပိုင်း ရှစ်ပိုင်း၊ အခန်း ၃၂ ခန်း၊ ပုဒ်မ ၄၇၈ ခု ပါဝင်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အဓိက အထောက်အကူပြုစေမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့် တွဲဖက် ကျင့်သုံးရမည့် အရေးပါလှသည့် ဥပဒေဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက “အရင် ဥပဒေ အဟောင်းနဲ့ကတော့ အများကြီး ကွာသွားတာပေါ့။ ကုမ္ပဏီ ထောင်မယ့် လူတွေအတွက် အများကြီး လွယ်သွားမှာပါ။ အရင်တုန်းက ဆိုရင် ကုမ္ပဏီမှာ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း ဆိုပြီးတော့ နှစ်ခု နှစ်ခု လုပ်ရတယ်၊ နောက်တစ်ခုက တစ်ဦး တစ်ယောက်တည်းနဲ့ one share holder တစ်ဦးတည်း ထောင်လို့ မရတဲ့အတွက် ခင်ပွန်းက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ပြီးတဲ့အခါ သားတွေ သမီးတွေက ဒါရိုက်တာတွေ- ဒီလိုမျိုး ဖွဲ့စည်းရတဲ့ ကုမ္ပဏီ ထူထောင်မှု စနစ်တွေ ရှိခဲ့တယ်။ အခုဥပဒေအရ တကယ့်ကို ခေတ်မီတဲ့ စနစ်တစ်ခု ဖြစ်လာမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဦးမော့ဖို့မှာ အဓိက အကျဆုံး ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေပြီးရင် အခု ကုမ္ပဏီများ ဥပဒေကလည်း အဓိကကျတဲ့ ဒုတိယ အပိုင်းပါ။

ဒီနှစ်ပိုင်း ပြေလည်မှ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမှာ။ လက်ရှိ ကုမ္ပဏီ ဥပဒေအရ ဆောင်ရွက်ရာမှာ ကန့်သတ်မှုတွေ အများကြီး ရှိနေတဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေက တော်တော်ကို လျော့နည်းနေတာ ဖြစ်ပါတယ်။ အခု ဥပဒေမှာ ဘဏ္ဍာငွေ စာရင်းဇယား ထားရှိမှု၊ စာရင်းဇယား စစ်ဆေးမှုတွေကအစ အင်မတန်မှက်ု ခေတ်မီပြီးတော့ အီလက်ထရောနစ် စနစ်များကို အသုံးချပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားအထိ ရောက်လာမှာပါ။ ဒီ ကုမ္ပဏီ ဥပဒေ အသစ် ပြဌာန်းပြီးသွားရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးစွာသော အထောက်အပံ့တစ်ခု ဖြစ်မှာပါ။ လွှတ်တော် အကြီးအမှူးတွေကလည်း ဒီ ဥပဒေကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဘယ်အချိန်ပြီးမယ်ဆိုတာတော့ အတိအကျ ပြောလို့မရပါဘူး” ဟု ဆင်ဟွာကို ဖြေကြားခဲ့သည်။ထိုဥပဒေကြမ်းအပေါ် ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်၊ အင်္ဂါနေ့ထက် နောက်မကျဘဲ အမျိုးသား လွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်းက ယနေ့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.