Connect with us

Politics, Law & Military

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ထဲ ဝင်ရောက်လုယက်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ၊ ကျူးလွန်သူ တစ်ဦးအား ဖမ်းမိထား 

လုယက်မှု ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်အား တွေ့ရစဉ်(ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ထဲသို့ ယနေ့ ညနေပိုင်းတွင် ဝင်ရောက်လုယက်ခဲ့သူများအနက် တစ်ဦးအား တစ်နာရီအတွင်း ဖမ်းဆီရးမိထားပြီး ကျန်ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“တစ်ယောက်မိတယ်လို့ ပြောတယ်။စစ်တွေမြို့မီးစက်အဝိုင်းမှာ ကားနဲ့အတူတူ တစ်ယောက်မိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။လက်ရှိ နောက်ဆုံးအခြေအနေကတော့ ကျွန်တော်တို့ လုံခြုံရေး အဖွဲ့ဝင်တွေနဲ့ စစ်ဆေးဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်သို့ ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့် တွင် Hi-jet အမျိုးအစားမော်တော်ယာဉ် ၁ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦး ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ အသင့်ယူဆောင်လာသည့် ဓားများဖြင့် ခြိမ်းခြောက်၍ ဘဏ်မှ ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်အား ယူဆောင်သွားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော် တော်ယာဉ်နှင့်အတူအမျိုးသား ၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများမှာ ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်နှင့်အတူ ထွက်ပြေးနေဆဲဖြစ်ကြောင်းသိရသည်။

ထို့သို့လွတ်မြောက်သွားသူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)