Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ဦးရေ ၁,၀၀၀ ကျော် ရှိလာ 

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) 

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လူနာသစ် ၆၃ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ဦးရေမှာ ၁,၀၅၈ ဦးထိ  ရှိလာခဲ့ကြောင်း သိရသည်။ 

ယခု တွေ့ရှိခဲ့သော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃ ဦးသည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၅ မြို့နယ်မှ ၃၆ ဦး ၊ နေပြည်တော် လယ်ဝေးမြို့နယ်မှ တစ်ဦး ၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ တစ်ဦး ၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ ၂၄ ဦး နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြကြောင်း သိရသည်။ 

COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် စက်တင်ဘာ ၂ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၅၅၂ ခုအား စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂ ရက် ညပိုင်းတွင် လူနာသစ် ၅၇ ဦးအပါအဝင် စုစုပေါင်း လူနာသစ် ၁၂၀ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် စက်တင်ဘာ ၂ ရက်တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ နှစ်ဦး  ရှိသဖြင့် စုစုပေါင်းပိုးကင်းစင်သွားသူ ၃၅၉ ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၃၄၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအား စတင်တွေ့ရှိခဲ့ပြီး ယခုအခါတွင် လူနာဦးရေမှာ ၁,၀၅၈ ဦး ရှိသည့်အနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)