Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူများကို ထုတ်ပြန်ကြေညာ

သမ္မတ အိမ်တော် ပုံမှန်သတင်းစာရှင်းပွဲတစ်ခုတွင် သမ္မတအိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာ(Facebook)တွင် သတင်းအမှားများ တင်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ ၏ အမည်နှင့် လုပ်ဆောင်ချက်များအား အများ ပြည်သူ သိရှိစေရန် Myanmar President Office Press Briefing စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို စိစစ်ဖော်ထုတ် ရရှိသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ အရေးမယူဘူး၊ သို့သော် ဒီ press meeting အတွက် ဖွင့်ထားတဲ့ စာမျက်နှာနဲ့ ပြန်ကြားရေးရဲ့ social media page တွေကနေ အများ ပြည်သူ သိအောင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု လည်း ယနေ့ နံနက်ပိုင်း၌ အွန်လိုင်းမှ ပြုလုပ်သည့် သမ္မတ အိမ်တော် ပုံမှန် သတင်းစာ ရှင်းပွဲတွင် နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

ထိုကဲ့သို့ သတင်းအမှားများ၊ သတင်းအတုများ တင်ခြင်း၊ ဖြန့်ဝေခြင်း ဆောင်ရွက်သူများနှင့် အဖွဲ့ အစည်း အရေအတွက်မှာ လက်ရှိ၌ ၄၉ ခု ရှိကြောင်း၊ ထိုသူတို့၏ ပရိုဖိုင်များ၊ Post များအား ကြည့်ရှုနိုင်သည့် links များကို Myanmar President Office Press Briefing စာမျက်နှာတွင် ဦးဇော်ဌေးက ဖော်ပြထားသည်။

ထိုသူတို့၏ နေရပ်လိပ်စာ၊ ဓာတ်ပုံအမှန်၊ social activities များကို ဖော်ထုတ်ရရှိထားပြီး မဟုတ်မမှန် တင်ထားသာ အချက်အလက်၊ အထောက်အထားများ ရရှိထားကြောင်း၊ ၎င်းတို့၏ နိုင်ငံရေး ထောက်ခံမှု မည်သို့ ရှိသည်ကို တွေ့နိုင်ကြောင်း၊ အုပ်စု နှစ်အုပ်စု တွေ့ရကြောင်း၊ တွေ့ရှိရသော အကောင့်များ၊ စိစစ်ဖော်ထုတ်ရရှိသော ဖုန်းနံပါတ်၊ ဓာတ်ပုံ၊ Gmail လိပ်စာများမှာ ဥပဒေကြောင်းအရ ငြိစွန်းပြီး အရေးယူ၍ ရကြောင်း၊ သို့ရာတွင် ၎င်းတို့နှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဆိုပါ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား အရေးမယူလိုကြောင်း၊ ထို သူများ၊ အဖွဲ့ အစည်းများ၏ အမည်နှင့် လုပ်ဆောင်ချက်များကို အများပြည်သူ သိအောင် ဆောင်ရွက်ပေးလျှင် လုံလောက်ပါပြီဟု လမ်းညွှန်ထားပါကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြခဲ့သည်။

ထို့အပြင် COVID-19 နှင့် ပတ်သက်ပြီး လူမှု ကွန်ယက်စာမျက်နှာတွင် သတင်းမှားများ ဖြန့်ဝေနေသူများလည်း ရှိနေကြောင်း၊ ထိုသို့ COVID-19 သတင်းအမှားများ၊ သတင်းအတုများ ဖြန့်ဝေခြင်းအတွက် အရေးယူမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ အများ ပြည်သူအကြား ထိတ်လန့်တကြားဖြစ်အောင်၊ ထင်ယောင် ထင်မှား ဖြစ်အောင်၊ လက်ရှိဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်ချက်များ အပေါ် ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားစေမည့် လုပ်ရပ်များ မပြုလုပ်ကြရန် ထပ်မံပြီး ပြောကြားလိုကြောင်းလည်း ၎င်းက ပြောခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.