Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၄၀,၀၀၀ကျော်အား COVID-19 ရောဂါပိုး စစ်ဆေး

အထူးရဲသင်တန်းများ၌ သင်တန်းသားများအား သင်တန်းပို့ချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ အောက်တိုဘာ  ၁၀ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌  တစ်နိုင်ငံလုံးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၄၀,၀၀၀ ကျော်အား COVID-19 ရောဂါပိုးရှိ/မရှိ Swab ယူစစ်ဆေးပေးလျက်ရှိကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

” အထူးရဲတွေကို စတင်စစ်ပေးနေပါပြီ၊ သက်ဆိုင်ရာ မြို့အလိုက် စစ်ဆေးပေးနေပါတယ်၊ အစိုးရအစီအစဉ်နဲ့ စစ်ဆေးပေးနေတယ်၊ လက်ရှိ အထူးရဲတွေကို စစ်ပေးပြီးသလောက် COVID-19 ရောဂါပိုး မတွေ့တဲ့လူများပါတယ်” ဟု ၎င်းကဆိုသည်။

အထူးရဲသင်တန်းများ၌ သင်တန်းသားများအား သင်တန်းပို့ချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် ရည်ရွယ်၍ ရဲကျင့်ဝတ် ဘာသာရပ်၊ ဥပဒေ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် အထူးရဲသင်တန်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ မြို့နယ်များ၌ အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၄ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အထူးရဲသင်တန်းသားများအနေဖြင့် ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တစ်လခွဲကာလတွင် အမြဲတမ်းခန့်အပ်ခြင်းခံရသည့် သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ လစာနှင့် စရိတ်များခံစားခွင့်ရှိပြီး ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် ဥပဒေ/စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း သိရသည်။   (Xinhua)