Connect with us

Politics, Law & Military

မူးယစ် ဆေးဝါး သုံးစွဲမှု ထိန်းချုပ်နိုင်ရေးအတွက် လူငယ်ထုအကြား စုပေါင်း ဖွဲ့စည်း ဆောင်ရွက်သည့် ဝါသနာ အလေ့အထများ မြင့်တက်လာရန် အရေးကြီး

ပြည်ထဲရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက ဆင်ဟွာသတင်းဌာနအား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မူးယစ် ဆေးဝါး သုံးစွဲမှု ထိန်းချုပ်ကာကွယ်နိုင်ရန် လူငယ် အချင်းချင်း စုပေါင်း ဖွဲ့စည်း ဆောင်ရွက်သည့် ဝါသနာ အလေ့အထများ မြင့်တက်လာရန် အရေးကြီးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက ယနေ့ဇွန်လ ၁၀ ရက်တွင် ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် ပြောကြားခဲ့သည်။

“ လူငယ်တွေ ပတ်ဝန်းကျင်မှာ အားကစား လုပ်ငန်းတွေ လုပ်လာအောင် ဝိုင်းပြီး လုပ်ပေးရမယ်။ စာဖတ်တဲ့ အလေ့အထတွေ လုပ်ပေးရမယ်။ ပရဟိတ လုပ်ငန်းတွေ လုပ်တဲ့ အသင်းအဖွဲ့တွေ လုပ်ပေးရမယ်။ လူငယ် လှုပ်ရှားမှုတွေ မြင့်လာမှ လူငယ်တွေကြားထဲမှာ မူူးယစ်ကူးဆက်မှု ပျောက်သွားမှာ။ အဲဒါတွေ အားနည်းနေရင် ဒါက မပျောက်သွားဘူး။ တစ်ချိန်မှာ သုံးစွဲတဲ့ အလေ့အကျင့်တွေက အင်နဲ့အားနဲ့ပြန်ပြီးတော့ ဖြစ်လာမှာပဲ။ ဒါကြောင့် ဖမ်းဆီးမှုက အရေးကြီးသလို ကာကွယ်ရေးက အရမ်း အရေးကြီးတယ်။ပြီးခဲ့တဲ့ ဆယ်စုနှစ် တွေမှာ ပညာပေး ကဏ္ဍတွေ လုပ်ခဲ့ပေမယ့် ကာကွယ်တဲ့ အပိုင်းမှာ ပီပီပြင်ပြင် မြန်မာနိုင်ငံက မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ခဲ့လို့ လူငယ်ထုတွေကြားထဲမှာ မူးယစ်ဆေးဝါး သုံးစွဲမှုက ပျံ့နှံမှုနှုန်း ပိုမြင့်နေတာတွေ့ရတယ်။ အခုက ဒါကို အရေးပေါ် လုပ်ရမယ်။ ”ဟု ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန် ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများ လျော့နည်း ပပျောက်စေရန် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများ သာမက လူငယ် လူရွယ်များနှင့် ၎င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထား ဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် မေလအတွင်း တွေ့ဆုံစဉ် ထည့်သွင်း မှာကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ကဏ္ဍအား ရက် ၁၀၀ အတွင်း အထူး စီမံချက်များ ချမှတ် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေသည့် ဒဂုံ အထူးစီမံချက်တွင် မေလ ၁ ရက်မှ ဇွန်လ ၉ ရက် အထိ ရက်ပေါင်း ၄၀ အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၁၀ ၊ တရားခံ ၃၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး ပုံမှန် ဖမ်းဆီး ရမိသော အမှုများထက် ၅ ဆခန့်တိုးမြှင့် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

“ရက်ပေါင်း ၄၀ အတွင်းမှာ ဖမ်းမိလိုက်တာတွေက ရန်ကုန်မှာ ရှိတဲ့ သုံးစွဲသူ လူငယ်တွေ ကြားထဲမှာ အဓိကကျတဲ့ ဟာတွေကို ဖြိုခွင်းလိုက်နိုင်တယ်လို့သုံးသပ်လို့ရသလို မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေလည်း ဆေးပြတ်သွားတဲ့အတွက် ဆေးရုံတွေ ၊ ပြင်ပ ဆရာဝန်တွေဆီမှာ အများကြီး ကုသဖို့ကြိုးစားနေကြတယ်။ ဒါက ဖမ်းဆီးတဲ့အနေအထားကနေ အောင်မြင်မှု သွားတွေ့ရတယ် ”ဟု ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက ပြောသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ်များအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အခြေအနေမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၂၂,၀၄၄ မှု ရှိသည့်အနက် စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား လာပြီး ယခု ၂၀၁၆ ခုနှစ် မေလအထိ စိတ်ကြွ ဆေးပြား ၄၃ သန်းအထိ ဖမ်းဆီးရမိထားကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာလည်း ရှိတယ်။ ကြီးကြီးမားမား ပြည်တွင်းပြည်ပ ရောင်းဝယ်မှု ပြဿနာတွေလည်း ရှိတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြဿနာလည်း ရင်ဆိုင်နေရတယ်။ ရာစုနှစ်နဲ့ချီပြီး ဘိန်းစိုက်ပျိုးမှု ပြဿနာကို ရင်ဆိုင် ဖြေရှင်းရတာ ဒီနေ့ထိပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ က စပြီး ဒီဘက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ပြဿနာတင်မက စိတ်ကြွဆေးပြား ထုတ်လုပ်မှု ပြဿနာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အပိုင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ထုတ်လုပ်မှု ရောင်းဝယ်သယ်ဆောင်မှု ၊ သုံးစွဲမှု ပြဿနာတွေကို ခက်ခက်ခဲခဲနဲ့ရင်ဆိုင်ဖြေရှင်းနေရတဲ့ အနေအထား ရှိတယ်”ဟု ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက ပြောသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့နည်း ပပျောက်အောင် နိုင်ငံမှ ဆောင်ရွက်နေသည့် အပိုင်းများ ရှိသကဲ့သို့ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံ အပါအဝင် ကုလသမဂ္ဂ တို့၏ အစီအမံများနှင့် နယ်မြေ ဒေသများ သတ်မှတ်ပြီး ဆောင်ရွက်ပေးနေခြင်းများ ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အနေဖြင့် မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ် ၊ လာအို ၊ ထိုင်းနိုင်ငံ ပါဝင်သည့် မဲခေါင် စစ်ဆင်ရေး ပူးပေါင်း ဆောင်ရွက်မှုကြောင့် အောင်မြင်မှုများ ရရှိခဲ့ပြီး ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ် ၃ နှစ် စီမံကိန်း ဆက်လက် ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့ပြီး လေးနိုင်ငံ ဖိတ်ခေါ်မှုဖြင့် ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့လည်း ပေါင်းစပ် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး သုံးစွဲမှုများအား အရေးယူ ဆောင်ရွက်မှုများ အနေဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရမည် ဖြစ်ပြီး သုံးစွဲရန် အလို့ငှာ လက်ဝယ်ထားရှိခြင်းကို ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အထိ သတ်မှတ်ထားကြောင်း ၊ ရောင်းဝယ်ရန် လက်ဝယ်ထားသည့် ပမာဏအပေါ် မူတည်ပြီး ထောင်ဒဏ် ၁၀ နှစ်မှ နှစ် အကန့်အသတ်မရှိ ပြစ်ဒဏ်များ သတ်မှတ်ထားကာ ပြည်ပသို့ ခိုးထုတ်/သယ် ယူရာတွင် လက်နက် သုံးစွဲခြင်း ၊ ဂိုဏ်းများ ဖွဲ့စည်း ဆောင်ရွက်ပါက သေဒဏ် အထိ ချသည့် ပြစ်ဒဏ်များ သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြန်လည် ကုစားပေးရာတွင် ရန်ကုန် ၊ မန္တလေး ၊ မြစ်ကြီးနား ၊ လားရှိုး ၊ တာချီလိတ် ၊ ကျိုင်းတုံမြို့များရှိ ဆေးရုံကြီးများတွင် အဆင့်မြှင့် စင်တာများ ဖွင့်လှစ်ထားရှိ၍ ကုသ ဆောင်ရွက်ပေးနေသကဲ့သို့သီးခြားအနေဖြင့် ပြင်ပတွင် ဆေးကုသပေးသည့် စင်တာများ ၂၀ မှ ၅၀ အထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ဘိန်းစိုက်ပျိုးမှုများ ရှိနေသည့် အနက် ရှမ်းပြည်နယ်မှာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု ပမာဏ ပိုများကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.