Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် အများ စိတ်ဝင်စားသည့် ဥပဒေများ၊ အဆိုများ ပြီးစီး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် အများ စိတ်ဝင်စားသည့် ဥပဒေကြမ်းများ အတည်ပြုခြင်း အပါအဝင် အရေးကြီး အဆို ခြောက်ခုတို့ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီး နေ့လယ်ပိုင်း ပြုလုပ်ခဲ့သော သတင်းစာ ရှင်းပွဲတွင် မီဒီယာကို ပြောခဲ့သည်။

“အများပြည်သူ စိတ်ဝင်စားတဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်၏ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသား လွှတ်တော်၏ ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွေကို ဆောင်ရွက်ပြီးပါပြီ” ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကာလတွင် ဥပဒေကြမ်း ရှစ်ခု ရရှိထားသဖြင့် ဆောင်ရွက်ရန် ကျန်တဲ့ ဥပဒေကြမ်း လေးခု ကျန်ရှိရာ အရေးပေါ် စီမံချက် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ပြည်သူ့ကိုယ်စားလှယ်တို့က တင်သွင်းလာသည့် အရေးကြီး အဆို ခြောက်ခု အပါအဝင် ရရှိသည့် အဆိုများနှင့် ပတ်သက်ပြီး ဦးဝင်းမြင့်က “အရေးကြီး အဆို ခြောက်ခု အပါအဝင် ၃၂ ခုကို လွှတ်တော်ထဲမှာ တင်သွင်းခဲ့ပြီး ဆုံးဖြတ်ပြီး အဆိုက အရေးကြီးအဆို ခြောက်ခု အပါအဝင် ၁၂ ခုပါ” ဟု ပြောသည်။
ပထမ ပုံမှန် အစည်းအဝေး ကာလတွင် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၈၃ ခု၊ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်စားလှယ်ထံ စာဖြင့် ဖြေကြားပြီးသည့် ကြယ်ပွင့် မပြ မေးခွန်း ၁၀၅ ခု၊ ဖြေရန် ကျန်ရှိ မေးခွန်း ၅၅ ခု တို့ရှိကြောင်း၊ နည်းဥပဒေ နှစ်ခုကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ရာ လျှပ်စစ် နည်းဥပဒေများ၊ ဓာတုပစ္စည်းနဲ့ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ ကာကွယ်တဲ့ နည်းဥပဒေများ ဖြစ်ကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
လာမည့် ဒုတိယ ပုံမှန် အစည်းအဝေးများ ပြန်စတင်မည့် ရက်ကို အသေအချာ မပြောနိုင်သေးဘဲ လွှတ်တော်က ဆောင်ရွက်ရန် မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ ရရှိလာမှုပေါ် မူတည်နေပြီး အနည်းဆုံး တစ်လစာ၊ တစ်လခွဲစာခန့်လွှတ်တော် လုပ်ငန်းများ ရှိလာမှသာ စတင်မည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.