Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိ

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ အကွာတွင် မြေကျင်း အတွင်းမှ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ မသင်္ကာဖွယ် မြေအနေအထား တွေ့ရှိရပြီး အပုတ်နံ့ ရရှိသဖြင့် တူးဖော်ရှာဖွေရာ အကျယ် ၁၃ ပေပတ်လည် မြေကျင်း ၂ ကျင်းအား ၁၀ ပေ အကွာအဝေးခြား တွေ့ရှိခဲ့ပြီး အဆိုပါ ကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသား ၈ လောင်း၊ အမျိုးသမီး အလောင်း ၂၀၊ စုစုပေါင်း ၂၈ လောင်းတူးဖော်ရရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တူးဖော်ရရှိသည့် ရုပ်အလောင်းများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ ရှာဖွေမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ARSA အစွန်းရောက် အကြမ်းဖက်သမားများကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင် ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင်)ထံ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေ သူတစ်ဦးက ဖုန်းဆက်သွယ် ပြောကြားချက်အရ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင် တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက် ရှိကြောင်း ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.