Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ဖွံ့ဖြိုးရန် ငွေပမာဏ တိုးမြှင့်ကူညီမည် – ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Mr. Jean-Marc AYRAULT ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသည့် ငွေကြေး ပမာဏကို မြှင့်တင်သွားမည်ဖြစ်ပြီး ယခုအချိန်တွင် ယူရို သန်းနှစ်ရာ ကူညီရန် အဆင်သင့် ရှိနေကြောင်း ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး (Minister of Foreign Affairs and International Development) Mr. Jean-Marc AYRAULT က နေပြည်တော်တွင် ယနေ့နံနက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး မီဒီယာသို့ပြောခဲ့သည်။

“ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေတဲ့ ငွေကြေး ပမာဏကို မြှင့်တင်သွားပါမယ်။ အခုအချိန်မှာ ယူရို သန်း နှစ်ရာ ကူညီရန် အဆင်သင့် ရှိနေပါတယ်၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း ကျွန်တော်တို့အနေနဲ့ ကူညီနေတာ ရှိပါတယ်၊ ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ရဲ့ လူငယ်တွေ လူမှုဘဝတွေ တိုးတက်ဖို့အတွက် အကူအညီကို နှစ်ဆတိုးမြှင့်ခဲ့တာ ရှိပါတယ်” ဟု ၎င်းက နိုင်ငံခြားရေးဝန်ကြီးရုံးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး တိုးတက်မှုအတွက် မြန်မာနိုင်ငံက လုပ်ဆောင်မှုအားလုံးကို ပြင်သစ်နိုင်ငံ အနေဖြင့် ဂုဏ်ယူပါကြောင်း၊ ယုံကြည်မှုလည်း ရှိပါကြောင်း နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်း မျှော်လင့်ပါကြောင်း Mr. Jean-Marc AYRAULT က ပြောခဲ့သည်။
ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီ AFD သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍ နှင့် ကျန်းမာရေးကဏ္ဍများတွင် ပါဝင်ကူညီဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် ပြင်သစ် ကုမ္ပဏီများလည်း ပိုများလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Mr. Jean-Marc AYRAULT နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)
“အခုအချိန်မှာ ပြင်သစ်ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံကြတာ ပိုများလာပါပြီ။ ကဏ္ဍပေါင်းစုံမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီတွေဟာ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံကြတာပါ” ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
ပြင်သစ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်လို ကြောင်း အထူးသဖြင့် စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်သည့် လုပ်ငန်း၊ ကျန်းမာရေး အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်လိုပါ သည်ဟု Mr. Jean-Marc AYRAULT က ရှင်းပြသည်။
“အဆောက်အအုံတွေ၊ဆောက်တာ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ မြို့ပြအတွက် ရေရှိရေး စီမံခန့်ခွဲတာတွေကို မြို့ကြီး ပြကြီးတွေမှာ ကူညီချင်ပါတယ်။ အထူးသဖြင့် ရန်ုကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ကူညီချင်ပါတယ်။ ပြင်သစ်မှာ ရှိတဲ့ ပါရီ မြို့တော်ဝန်ရုံးဟာ ရန်ကုန် မြို့ပြစီမံကိန်းတွေမှာ ပါဝင် ကူညီဖို့အဆင်သင့် ရှိနေပါတယ်” ဟုလည်း ၎င်းက အလေးအနက် ပြောခဲ့သည်။
ထို့အပြင် မြန်မာ့တပ်မတော်က မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နှင့် အထွေထွေ ရွေးကာက်ပွဲတို့တွင် အောင်မြင်သည်အထိ ပါဝင်ဆောင်ရွက်ခဲ့သည်ကို ပြင်သစ်နိုင်ငံက များစွာ ကျေနပ်မိကြောင်းနှင့် အသိအမှတ်လည်း ပြုကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ယနေ့နံနက် ဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးခဲ့ပြီး မြန်မာအစိုးရအဖွဲ့၏ ထိုလုပ်ငန်းစဉ် နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အပေါ် ပြင်သစ်နိုင်ငံက လေးစားပါကြောင်း ၎င်းက ပြောသည်။
“ဒီလုပ်ငန်းစဉ်ဟာ ခက်ခဲတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သာမက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက်ပါ လုပ်နေတာ ဖြစ်လို့ကျွန်တော်တို့ကို အကူအညီတောင်းခဲ့ရင် ကျွန်တော်တို့ပါဝင် ကူညီဆောင်ရွက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့မတူ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေ အကြားမှာ ကွာဟမှုတွေ မရှိအောင် ဖွံ့ဖြိုးတိုးတက်မှု နဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် လုပ်ဆောင်နေတာတွေကိုလည်း လေးစားပါတယ်။ လိုအပ်လို့ရှိရင်လည်း ကျွန်တော်တို့ကူညီဆောင်ရွက် ပေးဖို့အသင့်ရှိပါတယ်။ အထူးသဖြင့် အဆွေတော် ဝန်ကြီးဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ဘဝ တစ်ခုလုံးကို ရင်းနှီး မြှုပ်နှံခဲ့ပါတယ်။ အဆွေတော် ဝန်ကြီးအနေနဲ့နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ လိုလားတယ်ဆိုတာ သိရပါတယ်။ ပြင်သစ်နိုင်ငံက ကူညီဖို့အဆင်သင့် ရှိနေပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။
ဧည့်သည်တော် ပြင်သစ် နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးသည် နံနက် ၉း၀၀ နာရီတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့် တွေ့ဆုံခဲ့ပြီး နံနက် ၁၁း၀၀ နာရီတွင် သမ္မတအိမ်တော်သို့သွားရောက်ခါ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်အား တွေ့ဆုံ ဂါရဝ ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.