Connect with us

Politics, Law & Military

မြန်မာ့ တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

တပ်မတော်(ရေ) ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်မြောက် ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပစဉ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ့ တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ်ကြီးအပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ် ရေယာဉ် မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေး ကုန်ကျမှုကိုလျှော့ချနိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

 

သင်္ဘောကျင်းဌာနချုပ်ကို အဆင့်မြှင့်တင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသောကြောင့် အနာဂတ်တွင်ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့်၊ စွမ်းရည်ပိုမို ကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက်တည်ဆောက်နိုင်မည်ဖြစ်သလို ယခင်ကတည်ဆောက်ခဲ့သည့် စစ်ရေယာဉ်နှင့် တိုက်ရေယာဉ်များ တည်ဆောက်ခဲ့သည့် အတွေ့အကြုံများရယူပြီး ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက် တည်ဆောက်သွားနိုင်ရမည်ဟု ယုံကြည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

(၇၂) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားအား ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော စစ်ရေယာဉ်(မုတ္တမ)၊ ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေး ရေယာဉ်(မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်များ၊ ၂၆ မီတာ ပင်လယ်သွား တွဲ၊ဆွဲ ရေယာဉ်များနှင့် ၂၀ မီတာ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)