Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့အတွင်း တရားမဝင်သစ်တန်ပေါင်း ၄၀ ကျော်  သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့အတွင်း တရားမဝင်သစ်တန်ပေါင်း ၄၀ ကျော်  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ မြို့နယ် မယားသာကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာနှင့် သစ်ချိုကျေးရွာ၏ အနောက် မြောက်ဘက် သုံးမိုင်ခန့်အကွာတို့မှ တရားမဝင် အင်သစ်/ ခွဲသား ၁၃ ဒသမ ၈၅၇၂ တန်၊ လုံးပတ် သုံးပေအောက် အင်သစ် ၃ ဒသမ ၀၇၈၀ တန်ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာ ၏မြောက်ဘက် တစ်မိုင်ခန့်အကွာ ကံထူးမ- အင်ပင်အိုင်ကျေးရွာချင်းဆက်လမ်း၏ အရှေ့ဘက် မှ တရားမဝင် ကျွန်း/ တမလန်း/ သစ်ရာ/ အင်ကြင်း/ အင်သစ်/ခွဲသား ၉ ဒသမ ၄၄၆၂ တန် အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကူး မြို့နယ် ခတက်ချဉ်ကြိုးဝိုင်း အကွက်အမှတ်(၇)မှ တရားမဝင် အင်/ပျဉ်းမ/သစ်ဆိမ့်သစ် ၈ ဒသမ ၄၇၆၀ တန်၊ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် မင်းတုန်းရိုးမကြိုးဝိုင်း အကွက်အမှတ်(၅၊ ၁၄၊ ၄)မှ တရားမဝင် ကျွန်းသစ်/ခွဲသား ၅ ဒသမ ၇၇၇၈ တန် တို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ပတ်သက်သူ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ကယားပြည်နယ် ဘောလခဲမြို့နယ် ခရိုင်/ထွေအုပ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ် ပေါ်မှ တရားမဝင် အင်/ အင်ကြင်း/ သစ်ရာခွဲသား ၁ ဒသမ ၆၀၉၂ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦး၊ ဘောလခဲမြို့နယ် ဖားဆောင်း-ဘောလခဲသွား ကားလမ်းတွင် ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်ခွဲသား ၁ ဒသမ ၃၅၉၈ တန်အား ပြစ်မှု ကျူးလွန်သူတစ်ဦးနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)