Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ်ကြောင့် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ တာဝန် လွှဲပြောင်းပေးမည်ဟု နိုင်ငံတော် သမ္မတဆို


ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ တာဝန်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်း အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ အသွင် ကူးပြောင်းမှု ညင်သာစေရန် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

လက်ရှိ အစိုးရအနေဖြင့် ကျန်ရှိနေသော အစိုးရ သက်တမ်းအတွင်း တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ပြဌာန်းချက်များ အတိုင်း အသွင် ကူးပြောင်းရေးကို ချောချောမွေ့မွေ့ ဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

လုပ်ထုံး လုပ်နည်း အတိုင်း ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူကာ လွှတ်တော်က စနစ်တကျ ဆောင်ရွက်ပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ လွဲပြောင်းပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူများ စိုးရိမ်နေသည့် အသွင်ကူးပြောင်းရေး ကာလတွင် တည်တည်ငြိမ်ငြိမ် ရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတက ကတိပြု ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ နိုဝင်ဘာလ ၁၅ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ နိုဝင်ဘာလ ၁၅ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တွေ့ဆုံပွဲသို့ တက်ရောက်လာသော နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ် များကို နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်သည်လည်း ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ် ချထားခဲ့သဖြင့် နောင် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် အကောင်းဆုံး လုပ်ဆောင်နိုင်ရန် ယုံကြည်ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံတော်သည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် ဆက်လက် ဖွံ့ဖြိုး သွားရန် အစိုးရတိုင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီ စတင် တည်ထောင်ချိန်ထဲက ကိုင်ဆွဲထားတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမူကို ယနေ့ထိ ဆက်လက် ကိုင်ဆွဲပြီး ရှေ့ဆက် လုပ်ရမယ့် ကိစ္စတွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်းက နိုင်ငံတော် သမ္မတကို ပြန်လည် ဆွေးနွေးခဲ့သည်။ (Xinhua)