Connect with us

Politics, Law & Military

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မြို့နယ် အချို့၌ မကျင်းပနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေး အခြေအနေကောင်းဟု ကော်မရှင် ဥက္ကဌဆို


နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် မြို့နယ်အချို့၌ မကျင်းပနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေး အခြေအနေ ကောင်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ ဆင်ဟွာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းစဉ် ပြောကြားသည်။

လုံခြုံရေး အခြေအနေကြောင့် မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပ နိုင်သော်လည်း တစ်နိုင်ငံလုံး အနေဖြင့်မှု လုံခြုံရေး အခြေအနေ ကောင်းကြောင်း ၎င်းက ဆိုသည်။

“တစ်ပြည်လုံး အခြေအနေ ကောင်းပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ယှဉ်ရင် မတည်ငြိမ်မှုတွေ လျော့သွားတယ်၊ အရင် မလုပ်နိုင်ခဲ့ရာကနေ အခု လုပ်လာနိုင်တဲ့နေရာတွေ များနေတယ်၊ လျော့သွားတာတွေပဲရှိတော့ လုံခြုံရေး အခြေအနေ တိုးတက်လာပါတယ်၊ အားလုံး တိုးတက်တာတော့ မဟုတ်ပါဘူး လျော့တဲ့ အပိုင်းတွေလဲ ရှိတယ်” ဟု ဥက္ကဌ ဦးတင်အေးက ဆိုသည်။

ကချင်ပြည်နယ် တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ၆၈ နေရာ မကျင်းပနိုင်ခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲ၌ ကျေးရွာ အုပ်စု ၂၁၂ အုပ်စုထိ မကျင်းပနိုင်သဖြင့် ကချင်ပြည်နယ်တွင် လက်ရှိ လုံခြုံရေး အားနည်းနေကြောင်း၊ ပဲခူးတိုင်းတွင် ယခင် အားလုံး ကျင်းပနိုင်ခဲ့ရာမှ လက်ရှိ ကျေးရွာအုပ်စု ၄၁ အုပ်စု မကျင်းပနိုင်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ဆင်ဟွာ သတင်းဌာနအား အင်တာဗျူး ဖြေနေစဉ် (ဆင်ဟွာ)

“KNU နဲ့လက်မှတ်သာ ထိုးထားတာ တပ်မဟာ ၅ က နယ်မြေကို အဝင်မခံဘူး၊ မဲရုံဖွင့်မရ စည်းရုံးရေး မဆင်းနိုင်ဆဲ လုံခြုံရေး လျော့သွားတယ်၊ အထူးသဖြင့် ကချင်ပေါ့”ဟု ဦးတင်အေးက ဆိုသည်။ကယားတွင် ယခင်၂၁ မြို့နယ် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ရာမှ လက်ရှိ ကယား ပြည်နယ်တစ်ခုလုံး လုပ်လာနိုင်သဖြင့် ကယားပြည် လုံခြုံရေး တိုးတက်လာသည်။

“ဟိုပန် မြို့နယ်မှာဆို ၄၂ အုပ်စု၊ ဟိုပန်မှာပဲ ကျင်းပနိုင်တယ်၊ ကျေးရွာအုပ်စု ၄၂ အုပ်စုမှာ မကျင်းပနိုင်ဘူး၊ တန့်ယန်းမြို့မှာ ကျင်းပနိုင်တယ် ကျေးရွာ အုပ်စုတွေမှာ မကျင်းပနိုင်ဘူး၊ ဒါတွေ ပဲရှိတယ်၊ ရွေးကောက်ပွဲတော့ ပျက်မသွားပါဘူး၊ ၂၀၁၀ ထက်စာရင် ကောင်းတဲ့ဘက်ကို များလာပါတယ်”ဟု ဥက္ကဌက ပြောသည်။

လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲသည် ထူးခြားချက် များစွာရှိကြောင်း ပါတီ အရေအတွက် များလာခြင်း၊ လူထု က ရွေးကောက်ပွဲကို စိတ်ဝင်စားလာခြင်း၊ နိုင်ငံတကာ လေ့လာသူများစွာ လေ့လာခွင့် ပေးထားခြင်းစသည့် ထူးခြားချက်များရှိကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် တွင် ကိုယ်စားလှယ်လောင်း ၁,၇၃၄ ဦး၊ အမျိုးသားလွှတ်တော်တွင် ၈,၈၆ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၃,၄၂၀ ဦး စုစုပေါင်း ၆,၀၄၀ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိတွင် မဲရုံပေါင်း ၄၆,၄၈၉ ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် နေရာများအတွက် မဲရုံနေရာများ ထပ်မံ တိုးပေးလျက်ရှိသည်။နိုင်ငံတကာမှ လေ့လာသူ တစ်ထောင်နီးပါး နှင့် ပြည်တွင်း လေ့လာသူ တစ်သောင်းကျော်ကို ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ၌ လေ့လာနိုင်ရန် ခွင့်ပြုထားသည်။ (Xinhua)