Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် ကြိုတင် ဆန္ဒမဲများ ယနေ့စတင် မဲပေးခွင့်ပြု

တာမွေမြို့ နယ် ၊ ကျောက်မြောင်းကြီးရပ်ကွက် ကော်မရှင် ဥက္ကဌ ဦးစိုးညွှန့်မှ ကြိုတင်မဲပုံးများကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပ ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် တာဝန်အရ ခရီးသွားလာရန် ရှိသောသူများ ကြိုတင် ဆန္ဒမဲပေးခြင်းအား သက်ဆိုင်ရာ မြို့နယ် ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အလိုက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံတွင် ယနေ့အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ စိစစ် မဲပေးခွင့် ပြုပေးနေပြီ ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ ဝန်ထမ်းတွေ ၊ လေ့လာသူတွေ ၊ သတင်းမီဒီယာတွေ ၊ လူမှုအဖွဲ့အစည်းတွေ ခရီးသွားလာဖို့ရှိကြပါတယ်။ အဲဒါကြောင့်မို့နိုဝင်ဘာ ၆ ၊ ၇ ရက်က မမီနိုင်တဲ့အတွက် အဲဒီသူတွေအတွက် ၂၉ ရက်နေ့ကနေစပြီး ၁၀ ရက် ကြိုပေးခိုင်းတာပါ။ မဲဆန္ဒ နယ်မြေအတွင်းမှာ ရှိတဲ့ အခြားနေထိုင် သူများ ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတာက နိုဝင်ဘာ ၆ ရက်နဲ့၇ ရက်မှာပဲ ပေးခွင့်ရှိပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ဆင်ဟွာသို့ပြောသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြိုတင် ဆန္ဒမဲ လက်မှတ်များ (ဆင်ဟွာ)

ရွေးကောက်ပွဲတွင် တာဝန်အရ ခရီးသွားရန် ရှိသော ဝန်ထမ်းများသည် ခိုင်လုံသော ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့တင်ပြညှိနှိုင်းပြီး ကြိုတင် ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။

ယနေ့ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ “အောက်တိုဘာ ၂၉ ရက်နေ့က စပြီးတော့ ဝန်ထမ်းများအတွက် သီးသန့်ကြိုတင်မဲကို နိုဝင်ဘာ ၇ ရက်နေ့အထိ ကျွန်တော်တို့လက်ခံပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ။ အဲထိ အချိန်အတွင်း လက်ခံ ဆောင်ရွက်ပေးဖို့အဆင်သင့်ပါပဲ။ ကြိုတင် ဆန္ဒမဲပေးရင် သူတို့ဝန်ထမ်းဖြစ်ကြောင်း အထောက်အထား၊ ခရီးသွားဖို့လိုတဲ့အကြောင်း အထောက်အထား ခိုင်လုံဖို့လိုပါတယ်”ဟု တာမွေမြို့နယ် ၊ ကျောက်မြောင်းကြီးရပ်ကွက် ကော်မရှင် ဥက္ကဌ ဦးစိုးညွှန့်က ဆင်ဟွာသို့ပြောသည်။

ယင်းကြိုတင် ဆန္ဒမဲများကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့မဲရုံ မဖွင့်မီ အပ်နှံထားသော ကြိုတင် ဆန္ဒမဲများမှ အပ မဲရုံသို့နောက်ကျ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား ပယ်မဲအဖြစ် သတ်မှတ်သွားမည်ဟု သိရသည်။ (Xinhua)