Connect with us

Politics, Law & Military

ပါတီချင်း ရန်ဘက်လို ဆောင်ရွက်ချင်းများ မလုပ်ရန် သူရ ဦးရွှေမန်း တိုက်တွန်း

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများ အား ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဖြူး၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် အောက်တိုဘာ ၃၁ ရက်၌ ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံစဉ် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်သလို၊ ခက်ခဲမှု၊ သိမ်မွေ့မှုများ ရှိသည့် အတွက် ပါတီချင်း ရန်ဘက်လုပ် ဆောင်ရွက်မှုများ မပြုလုပ်ရန် ပြောကြားခဲ့သည်။

သူရဦးရွှေမန်းက “ရွေးကောက်ပွဲမှာ ပါတီချင်း မှန်ကန်တဲ့ နည်းလမ်းနဲ့ ယှဉ်ပြိုင်ဖို့ လိုတယ်။ မိမိအနေနဲ့ နိုင်ငံ့ အကျိုးအတွက် မည်သူနဲ့မဆို ပူးပေါင်းသွားပါမယ်’’ ဟုပြောခဲ့သည်။

ရွေးကောက်ပွဲ အလွန် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သည့် အခါ လက်ရှိ ဈေးကွက် စီးပွားရေးစနစ်ကို ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက် စီးပွားရေးအဖြစ် ပြောင်းလဲရန် ဆန္ဒရှိကြောင်း၊ ဒီမိုကရေစီ စနစ် ရှင်သန်ရန် ပြည်သူများပါ ပူးပေါင်း ပါဝင်ဖို့ လိုကြောင်း၊ ပြည်သူ မပါလျှင် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ)

သူရ ဦးရွှေမန်း အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးခံမည် ဖြစ်သလို၊ ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း ပါတီမှ နှုတ်ထွက်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

သူရဦးရွှေမန်းက “ပါတီမှာ ကောင်းမွန်တဲ့ မူဝါဒ ရည်မှန်းချက် ရှိတယ်။ ပါတီရဲ့ အဓိက မူဝါဒက ပူးပေါင်း ဆောင်ရွက်တဲ့ မူဝါဒဖြစ်တယ်’’ ဟု ပြောခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ငြိမ်းချမ်းရေး အတွက် ယခုရရှိထားသည့် ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး စာချုပ်သည် ဆက်လက် ရှင်သန် ခိုင်မာပြီး အခြေအနေကောင်းတွေ ဖန်တီးဖို့လိုကြောင်း ၊ ပုဂ္ဂိုလ် တစ်ဦး အဖွဲ့အစည်း တစ်ခု အကျိုး စီးပွားထက် အမျိုးသား အကျိုးစီးပွားကို ကြည့်ဖို့ အချိန်ရောက်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သူရ ဦးရွှေမန်း၏ ယနေ့ လူထုနှင့် တွေ့ဆုံပွဲကို ညနေ ၃း၃၀ နာရီတွင် စတင်ခဲ့ပြီး တက်ရောက်သည့် ဒေသခံပေါင်း ၁,၀၀၀ ကျော်ရှိသည်။ (Xinhua)