Connect with us

Politics, Law & Military

ဖွံ့ဖြိုးမှု နည်းပါး ဒေသများအတွက် IFAD ချေးငွေ ဒေါ်လာ ကိုးသန်းခန့် သုံးမည်

ပြည်ထောင်စု လွှတ်တော်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးမှု နည်းပါးပြီး ပထဝီအနေအထားအရ လိုအပ်ချက်များ ရှိသည့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးမြောက်ပိုင်းရှိ အိမ်ထောင်စုပေါင်း ကိုးသောင်း ခန့်အား အကျိုးပြုစေရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေအဖွဲ့(IFAD) ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ရယူ ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“ပထဝီအနေအထားအရ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရှိနေဆဲ ဖြစ်တဲ့ ချင်းပြည် နယ် တောင်ပိုင်း၇ှိ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းရှိ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ရှိ လုပ်ကွက်ငယ် တောင်သူများ၊ မြေယာမဲ့များ၊ အမျိုးသမီး ဦးဆောင် အိမ်ထောင်စုများ၊ လူငယ်များအတွက် ဦးတည်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် စီမံကိန်းအရ အိမ်ထောင်စုပေါင်း ၉၈၅၀၀ ခန့်။ ကျေးလက် လူဦးရေ ၄ ဒသမ ၃ သိန်းခန့်အား အကျိုးပြုစေဖို့ မျှော်မှန်းထားပါတယ်” ဟု ၎င်းက ဖြေကြားသည်။

အဆိုပါ စီမံကိန်းသည် စိုက် – မွေး -ဆည် ဝန်ကြီးဌာနက ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် အဆိုပြုတင်ပြထား သည့် ‘အနောက်ပိုင်းဒေသများ စိုက်ပျိုး စီးပွား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (Western States Agribusinesws Project _ WSAP) စီမံကိန်း ဖြစ်ပြီး ဒေသခံ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေး၊ မိသားစု ဝင်ငွေ တိုးပွားရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်နိုင်စွမ်းရည် မြင့်မားလာစေရေးအတွက် သက်သာသော အတိုးမဲ့ ချေးငွေ ရယူ ဆောင်ရွက်သည့် စီမံကိန်း ဖြစ်ကြောင်း၊ ချေးငွေမှာ အတိုးမဲ့ ဖြစ်သော်လည်း ဝန်ဆောင်ခ အဖြစ် တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ ပြန်ဆပ်ရမည့်ကာလသည် ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအဝင် အနှစ် ၄၀ ဖြစ်ပြီး ၂၀၂၈ – ၂၀၂၉ ဘဏ္ဍာနှစ်မှစ၍ ခြောက်လလျှင် တစ်ကြိမ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ဖြင့် အနှစ် ၃၀ ပြန်လည် ပေးဆပ်ရမည့် ချေးငွေ ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ ချေးငွေအား ရယူ အသုံးပြုခြင်းဖြင့် စီမံကိန်း ကျေးရွာများတွင် ကုန်ထုတ်လုပ်မှုနှင့် လူမှုရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ခေတ်မီ နည်းစနစ်သုံး လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း၊ နည်းပညာနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်လာခြင်း၊ စွမ်းဆောင်ရည် မြင့်မားလာခြင်း တို့ကြောင့် ဒေသတွင်း ဆင်းရဲ နွမ်းပါးမှု နှုန်းကို လျှော့ချလာနိုင်ပြီး ဒေသ ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.