Connect with us

Politics, Law & Military

NCAစာချုပ်သဘောတူညီချက်များနှင့် ရပ်တန့်မနေဘဲ ပင်လုံညီလာခံ၌ ဆက်လက်ဆွေးနွေးအဖြေရှာမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆို


နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၏ သဘောတူညီချက်များနှင့် ရပ်တန့်မနေဘဲ ပင်လုံညီလာခံ၌ ဆက်လက်ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ NCA သဘောတူညီချက်တွေမှာ ပဲ ရပ်တန့်နေတာ မဟုတ်ဘူး ၊ ဒီကနေ့ ညီလာခံရဲ့ နောက်ဆုံးရက်မှာ ညီလာခံရဲ့ သဘောတူညီချက် အပိုင်း ၂ ကို ရရှိအောင် ဆွေးနွေး အဖြေရှာရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

အဆိုပါ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)တွင် အစုအဖွဲ့အားလုံး ပါဝင်နိုင်ရန် ခက်ခဲနိုင်မည်ကို သိရှိပြီး အားလုံးပါဝင်နိုင်ခြင်းမရှိသဖြင့် မပြည့်စုံသေးကြောင်း၊ ယင်းမပြည်စုံသေးသော လစ်ဟာချက်ကို ပြည့်စုံနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ အလေးအနက်ထားပြီး တိုက်တွန်းလိုပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များသည်လည်း ပြည်ထောင်စုကြီးအပေါ်စေတနာထား သစ္စာထားပြီး ပါဝင်လာကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

အစိုးရ၏ ရေရှည်မျှော်မှန်းချက်သည် ညီညွတ်သော ဒီမိုကရေစီဖက်ဒယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေကြပြီဟု ယုံကြည်ကြောင်း၊ ဘယ်သူတွေအမှန်တကယ် ငြိမ်းချမ်းရေးလိုလားတယ် ၊ ဘယ်သူတွေ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုးထက်ပိုတန်ဖိုးထားတယ်ဆိုတာ ဒီ ၂၁ ရာစု ပင်လုံညီလာခံမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ လေ့လာသူများစွာ တက်ရောက်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၌ ယနေ့ဇူလိုင် ၁၁ ရက် ၊ နံနက် ၁၀ နာရီ အချိန်မှ စတင်၍ ဇူလိုင် ၁၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.