Connect with us

Politics, Law & Military

၂၀၁၉ – ၂၀ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှု ဥပဒေကြမ်း(RE)အား ကျပ် ၈၇ ဒသမ ၁၁၃ ဘီလီယံ ဖြတ်တောက်ပြီး အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ)

၂၀၁၉ – ၂၀ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှု (RE:_ Revised Estimated) ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ကျပ် ၈၇ ဒသမ ၁၁၃ ဘီလီယံ ဖြတ်တောက်ပြီး အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအပေါ် လွှတ်တော်ရေးရာ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက် အစီရင် ခံစာပါ မူနှင့် အခြေခံသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ခြင်းများအပေါ် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဆွေးနွေးအပြီးတွင် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီ အလိုက် အဆိုတင်သွင်း ဆွေးနွေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မူလဥပဒေကြမ်း၏ တင်ပြချက်တွင် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း စုစုပေါင်း ၂၅ ခုတို့၏ တင်ပြ တောင်းခံသည့် သုံးငွေ ပမာဏ စုစုပေါင်းမှာ ကျပ်ငွေ ၂၆၆၀၉၈၇ ဒသမ ၃၈၇ သန်း( ကျပ်  ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံ) ရှိခဲ့သည့်အနက် လွှတ်တော်က ကျပ် ၈၇ ဒသမ ၁၁၃ ဘီလီယံ ဖြတ်တောက်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး အတည်ပြုချက်များအရ သိရသည်။

ထိုသို့ ဖြတ်တောက်ရာတွင် ဖြတ်တောက်မှု ပမာဏ အများဆုံးခံရသည့် အဖွဲ့အစည်းမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဖြစ်ပြီး ဖြတ်တောက်ခံရသည့် ပမာဏမှာ ကျပ် ၆၂ ဒသမ ၃ ဘီလီယံ၊ ဒုတိယ အများဆုံးမှာ ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ်ပြီး ပမာဏမှာ ကျပ် ၁၀ ဒသမ ၆ ဘီလီယံ၊ တတိယ အများဆုံးမှာ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဖြစ်ပြီး ကျပ် ၅ ဒသမ ၃ ဘီလီယံ ဖြတ်တောက်ခံရကြောင်းနှင့် ကျန် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှာ မူလ တင်ပြ တောင်းခံထားသော သုံးငွေပမာဏ၏ ငါးရာခိုင်နှုန်း ခန့်စီ ဖြတ်တောက် ခြင်း ခံရပြီး အတည်ပြု လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)