Connect with us

Politics, Law & Military

ယခု ဘဏ္ဍာနှစ် ခြောက်လအတွင်း ဆန် တန်ချိန် ရှစ်သိန်း ပြည်ပ တင်ပို့ရန် လျာထား ဟု ဆို

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပနေစဉ်

နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန် လျာထားခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း မတ်လအထိ တင်ပို့ ပြီး ဆန်မှာ တန်ချိန် ၁ ဒသမ ၇ သန်းရှိခဲ့သောကြောင့် ဘဏ္ဍာနှစ်၏ ကျန် ခြောက်လ (ဧပြီ မှ စက်တင်ဘာ) အတွင်း ဆန်တန်ချိန် ရှစ်သိန်းခန့်အထိ တင်ပို့ရန် ခန့်မှန်း တွက်ချက်ထားကြောင်း စီး/ကူး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး တွင် ပြောကြား ခဲ့သည်။ 

“ဒါ့အပြင် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပုဂ္ဂလိက ကုမ္ပဏီများနဲ့ စာချုပ်ချုပ်ထားတဲ့ ဆန်တန်ချိန်ကိုလည်း ထပ်မံ ခွင့်ပြုသွားမှာ ဖြစ်ပြီး စားနပ်ရိက္ခာ လိုအပ်နေတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများရဲ့ ဝယ်ယူလိုကြောင်း မေတ္တာရပ်ခံချက်များကိုလည်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေမှုကို ရှေ့ရှုပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏ မူနှင့် အခြေခံ သဘော အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးသည့် အစီအစဉ်၌ ကျောက်တန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ အကြံပြုချက် များအား ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

COVID-19 ကြောင့် ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်မှု မရှိရေး၊ ဈေးနှုန်း မကြီး မြင့်ရေး ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရက စီး/ကူး ဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့ရာ “အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ” နှင့် အညီ ကုန်စည် ကန့်သတ်မှုများ စတင်ပြုလုပ် ခဲ့ကြောင်း၊ COVID-19 ရောဂါကြောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့လျှင် မရှိမဖြစ် လိုအပ်မည့် ရိက္ခာကို ခွဲတမ်းစနစ်ဖြင့် ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ခဲ့ကြောင်း၊ အရေးပေါ် အခြေအနေတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများ အား ထောက်ပံ့ပေးနိုင်ဖို့ ရက်သတ္တ နှစ်ပတ်စာ ရိက္ခာကို ခန့်မှန်း တွက်ချက်ခဲ့ ကြောင်း၊ အဆိုပါ တွက်ချက်မှုအပေါ် အခြေခံပြီး အရေးပေါ် ရိက္ခာ ဆန် တန်ချိန် ငါးသောင်း အတွက် ငွေကျပ် ၂၃ ဘီလီယံ၊ စားအုန်းဆီ တန်ချိန် ၁၂၀၀၀ အတွက် ကျပ် ၁၅ ဘီလီယံဖိုး ဝယ်ယူရန် စုစုပေါင်း ကျပ် ၃၈ ဘီလီယံကို ပြည်ထောင်စု အစိုးရက ခွင့်ပြုခဲ့ကြောင်း၊ အရေးပေါ် ဆန်ရိက္ခာ ဝယ်ယူရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အကြိမ်များစွာ ဆွေးနွေး တိုင်ပင် ခဲ့ပြီး မြင်သာ ထင်သာ ရှိရေး၊ အားလုံး ပါဝင်ရေး၊ လက်ဝါးကြီးအုပ်မှု မဖြစ်စေရေး၊ ဈေးကွက် နည်းလမ်းများ အသုံးပြုရေး အတွက် စနစ်တကျ စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံခြားသို့ ဆန်တင်ပို့မှု ပမာဏ၏ ၁၀ ရာခိုင်နှုန်းအား ရိက္ခာဆန် ဖြည့်ဆည်းမှုအဖြစ် ပြန်လည် ရောင်းချပေးသည့် စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ပင်လယ်ရေကြောင်းမှ ဆောင်ရွက်သည့် ကုမ္ပဏီ ၁၃ ခု၊ နယ်စပ်ကုန်သွယ်ရေးဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီ ၂၃၄ ခုတို့ ပါဝင်ရောင်းချခဲ့ကြပြီး ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့အထိ ကုမ္ပဏီ ၁၁၃ ခုတို့က ဆန်တန်ချိန် ၂၄၃၄၈ တန် လာရောက် ရောင်းချပြီး ဖြစ်ကြောင်း၊ အရေးပေါ်ဆန် ဝယ်ယူရာတွင် ကုမ္ပဏီ အနည်းစုက လက်ဝါးကြီး အုပ် ချုပ်ကိုင်မှု မရှိပါကြောင်း၊ နိုင်ငံခြားသို့ ဆန်တင်ပို့မှုနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ တွက်ချက်မှုအရ ယခုနှစ် မြန်မာနိုင်ငံက တင်ပို့နိုင်သည့် ပမာဏမှာ ဆန်တန်ချိန် သုံးသန်း ဖြစ်သည်ဟု သိရှိရကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက် ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.