Connect with us

Politics, Law & Military

လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့် ငါးဖမ်းကွက်များ၌ ဝင်ရောက်ငါးဖမ်းဆီးသော ရေယာဉ်များအား ဇွန်(၁)ရက်မှ စတင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်

ငါးဖမ်းစက်လှေများ ရပ်နားထားမှုအားတွေ့ရစဉ်(ဆင်ဟွာ )

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းနီးငါးလုပ်ငန်းရေပြင် Marine Protected Area အဖြစ် သတ်မှတ်ထားသော လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့် ငါးဖမ်းကွက် ( F13, F14, F20, F21)များအတွင်းသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား ယခုနှစ် ဇွန်(၁)ရက်နေ့မှ စတင်ပြီး တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

” စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေရဲ့ ပိုင်ရှင်တွေ ရေယာဉ်မှူးတွေ ရေယာဉ်ကိုယ်စားလှယ်တွေကို ဖုန်းနဲ့ အကြိမ်ကြိမ် သတိပေးတယ်၊ စာပို့ သတိပေးတယ်၊ အလားတူစည်းကမ်းဖောက်ဖျက်မှုမျိုး ထပ်မံမလုပ်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းတယ်၊ ဒါပေမယ့် လိုက်နာမှုမရှိလို့ တင်းတင်းကြပ်ကြပ်အရေးယူဖို့ စလုပ်ပါမယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ပင်လယ်ပြင်အတွင်း တည်နေရာသတင်းအချက်အလက် ပေးပို့မှုမရှိသည့် ရေယာဉ်များ(Silent Vessels)၊ စက်ပိတ်ခြင်းနှင့် စက်ဖြုတ်ထားခြင်းများကိုလည်း အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တည်နေရာသတင်းအချက်အလက် ပေးပို့မှုမရှိသည့် ရေယာဉ်များ(Silent Vessels)၏ ပိုင်ရှင်များ၊ တရားဝင်ကိုယ်စားလှယ်များအား ရေယာဉ်၏ တည်နေရာ သတင်းအချက်အလက် ပေးပို့မှုပြတ်တောက်စေမည့် စက်ဖြုတ် ခြင်း၊ စက်ပိတ်ခြင်းတို့ကို လုံးဝမပြုလုပ်စေရန်၊ ရေယာဉ်၏ တည်နေရာပြန်လည် ပေးပို့စေရန်နှင့် အလားတူကိစ္စရပ်မျိုး ထပ်မံပြုလုပ်ခြင်းမရှိစေရန်အတွက် ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုး စေခြင်းအပြင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသို့ ဖြန့်ဝေအသိပေးခြင်းတို့ကိုလည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းကမ်းချိုးဖောက်တဲ့ ငါးဖမ်းရေယာဉ်များ အားလုံးကို ငါးလုပ်ငန်းဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၅/၂၀၁၈)နှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.