Connect with us

Social

လူငယ်များ အင်တာနက်ကို လူမှုကွန်ရက် နှင့် ဂိမ်းကစားရန် အတွက်သာ သုံးခြင်းမဟုတ်ဘဲ မိမိတို့ အရည်အချင်း တိုးတက်စေရေး ထိရောက်စွာ အသုံးချလေ့လာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လူငယ်များအနေဖြင့် အင်တာနက်ကို လူမှုကွန်ရက်အတွက် နှင့် ဂိမ်းကစားရန်အတွက်သာ သုံးခြင်းမဟုတ်ဘဲ မိမိတို့ အရည်အချင်း တိုးတက်စေရေး ထိထိရောက်ရောက် အသုံးချပြီး လေ့လာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သော မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံက လူငယ်၊ လူရွယ်များက ကမ္ဘာ့စီးပွားရေးနဲ့ မြန်မာ့စီးပွားရေး အခြေအနေတွေကို မျက်ခြည်မပြတ် လေ့လာပြီး အများပြည်သူက ယုံကြည်အားကိုးနိုင်တဲ့ Digital ပလက်ဖောင်း အသစ်တွေ ထပ်မံထွန်းကားလာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။အခုရှိပြီးသားဖြစ်တဲ့ ပလက်ဖောင်းတွေကိုလည်း ပိုမိုအားကောင်း အောင်မြင်လာအောင် အရှိန်အဟုန်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြဖို့ လိုပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

တရားမျှတပြီး နည်းလမ်းကျသော ပြိုင်ဆိုင်မှုများနှင့် ခေတ်မီဆန်းသစ်သည့် Digital ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာရန် လူငယ်များသည် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ကြိုးစားကြရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့ခေတ်လူငယ်များအနေဖြင့် နည်းပညာသစ်များ ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲများကြောင့် အခွင့်အလမ်းသစ်များ များစွာ ရရှိလာသကဲ့သို့ အခက်အခဲများ ၊ စိန်ခေါ်မှုများနှင့်လည်း များစွာကြုံတွေ့ရကြောင်း ၊ ရာသီဥတုပြောင်းလဲမှု၊ လူမှုသဟဇာတ မဖြစ်ဘဲ အစွန်းရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ နှင့် COVID-19 ကပ်ရောဂါကဲ့သို့ မျှော်လင့်မထားသည့် ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၊ ထို့အပြင် လူငယ်များ ကြုံတွေ့နေရသည့် နောက်ထပ် စိန်ခေါ်မှုမှာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါအခက်အခဲများ နှင့် စိန်ခေါ်မှုများကို ချဉ်းကပ် ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းထားရှိပြီး ဖြစ်သကဲ့သို့ လက်တွေ့ အကောင် အထည်ဖော်နိုင်ရန်အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ယနေ့ မိတ်ဆက်ဖြန့်ချိနိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လူဦးရေ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေကို ကြည့်ရင် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ လူငယ်ထုရဲ့ အရေအတွက်ဟာ အခြားအသက်အရွယ်တွေထက် ပိုမိုများပြားနေတာကို တွေ့ရှိ ရပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ ဒါကို အားသာချက်တစ်ခုအနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ရေးကို ဦးတည်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေ၊ ရင်းနှီး မြှုပ်နှံသူတွေနဲ့ လူငယ်တွေအားလုံးကို တိုက်တွန်း ပြောကြားလိုပါတယ်။”ဟု ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.