Connect with us

Social

အသက် ၁၂၇ နှစ်  အရွယ်ရှိ အဘွားအိုအား မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘွား အဖြစ်ရွေးချယ်

အသက် ၁၂၇ အရွယ်ရှိ အဘွားဒေါ်ထွေးအားတွေ့ရစဉ် (ဓာတ်ပုံ--လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး တွင် အသက်အကြီးဆုံး အဘိုးအဘွားတို့အားရွေးချယ်ခဲ့ရာ အသက် ၁၂၇ နှစ်အရွယ်ရှိ အဘွားဒေါ်ထွေးကို မြန်မာတစ်နိုင်ငံလုံး၏ အသက်အကြီးဆုံးအဖွားအဖြစ် ရွေးချယ်ခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဖြစ်  အသက် ၁၂၆ နှစ် အရွယ်ရှိ အဘိုးဦးကိုကိုကြီး အား  ရွေးချယ်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။ 

မြန်မာတစ်နိုင်ငံ အသက်ကြီးဆုံး အဘိုး နှင့် အဘွားကို  အောက်တိုဘာ ၁ ရက် အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ မတိုင်မီရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ပဲခူးတိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး ဒေါ်ရင်ရင်ပြုံးက “မြို့နယ် အလိုက် ခရိုင်အလိုက် အသက်အကြီးဆုံး ဘိုးဘွားတွေ ကို ရွေးချယ်တယ်။ အဲဒီမှာမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အသက်အကြီးဆုံး အဘိုး တစ်ယောက်၊ အဘွားတစ်ယောက်ကို ပို့ပေးတယ်။ နေပြည်တော်မှာ ပြန်ရွေးတယ်။ ကျွန်မတို့ ပဲခူးတိုင်းက အဘွားက အသက်အကြီးဆုံးအဖြစ် ရွေးချယ် ခံရတာဖြစ်ပါတယ်။ နှစ်တိုင်းရွေးတယ်။ အဘွားဒေါ်ထွေး က အသက်အကြီးဆုံးအဖြစ် အရွေးချယ်ခံရတာ ဒီနှစ်နဲ့ ဆို ၅ နှစ်ရှိပါပြီ’’ ဟုဆင်ဟွာ သို့ စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဘွားအဖြစ်အရွေးခဲ့ရသည့် အသက် ၁၂၇ နှစ်အရွယ်ရှိ အဘွားဒေါ်ထွေးကို  မြန်မာသက္ကရာဇ် ၁၂၅၅ခုနှစ် တွင်မွေးဖွားခဲ့ပြီး လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာ၊ တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဘိုးအဖြစ်အရွေးချယ်ခံရသည့် အသက် ၁၂၆ နှစ် အရွယ် အဘိုးဦးကိုကိုကြီးကို  မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ် တွင်မွေးဖွားခဲ့ပြီး လက်ရှိတွင်   ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း ၎င်း၏နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

“အဘွားက ကျန်းမာရေးကောင်းပါတယ်။ ဒီနှစ် အတွက် ကျွန်မတို့ ဝန်ကြီးဌာန က အဘွားကို ငွေကျပ် ၁၀ သိန်း ကန်တော့ခဲ့ပါတယ်။ အဘွားရဲ့ သမီးနဲ့ အတူ အဘွားကနေထိုင်တယ်။ ဘာသာရေး အရတရားမှတ်တယ် ပြောပါတယ်။ အစားအသောက်ကတော့ ပုံမှန်စားသောက်တယ် လို့ သိရပါတယ်’’ ဟု ဒေါ်ရင်ရင်ပြုံးကဖြည့်စွက်ပြောကြားသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.