Connect with us

Social

မြန်မာတစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ဥယျာဉ်များမှ တိရစ္ဆာန်အချို့ကို ခေတ္တယာယီ မွေးစားခွင့်ပြုထား

ရန်ကုန်တိရစ္ဆာန်ဥယာဉ်တွင် မြွေအလိမ္မာယ်ပြသနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ဥယျာဉ်များ၌ မွေးမြူ ထိန်းသိမ်း ပြသထား သည့် တောရိုင်းတိရစ္ဆာန်များထဲမှ အချို့ကို ခေတ္တယာယီမွေးစားခြင်းအစီအစဉ်(Animal Adoption Program) ဖြင့် မွေးစားခွင့်ပြုထားပြီး ဆက်လက်၍ အခြားတိရစ္ဆာန်များကိုပါ မွေးစားခွင့်ပြုရန် ဆာင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်ဌာန ညွှန်ကြားရေးမှူးဦးပြည့်စုံမျိုးက ဆိုသည်။

တိရစ္ဆာန်လေးများမွေးစားခွင့်အား ရန်ကုန်တိရစ္ဆာန်ရုံတွင် ၂၀၂၀ခုပြည့်နှစ် သြဂုတ် (၁၈)ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး၊ တိရစ္ဆာန်ဥယျာဉ်(ရတနာ) ပုံအား အောက်တိုဘာလဆန်းတွင် စတင်ခွင့်ပြုခဲ့ကြောင်း ၊တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင်လည်း စက်တင်ဘာလ တွင် စတင်၍ မွေးစားခွင့်ပြုခဲ့ကြောင်း သိရသည်။

“မွေးစားတဲ့အစီအစဉ်လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Zoo Animal Adoption ကို နိုင်ငံတကာ တိရစ္ဆာန်ဥယျာဉ်များနှင့် မိမိတို့ဒေသတွင်းရှိ အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များပါ ထိန်းသိမ်းရေး အမြင်နဲ့ ဆောင်ရွက်နေတာ ရှေးလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ မိမိတို့အနေဖြင့် ကပ်ရောဂါကာလကြီးအတွင်း အများပြည်သူနှင့် တိရစ္ဆာန်ဥယျာဉ်အတွင်း မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်လေးများကို ထိတွေ့နိုင်စေရန် ရည်ရွယ်ပေါင်းကူးပေးတဲ့အပြင် ကာလဒါန နှင့် အဟာရဒါနများ ပြုလုပ်နိုင်စေရန်ရည်ရွယ်ပြီး ပထမဆုံးအနေဖြင့် Animals Feeding Program ကို စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ အလှူရှင်များရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုတွေကို ပိုမိုမြင်တွေ့လာရတဲ့အတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အသိအမြင်နှင့် အလှူဒါနပြုလုပ်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်ကိုအခြေခံပြီး ဒီအစီစဉ်လေးကို မိမိတို့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်တိုင်းကို မွေးစားခွင့် ပြုနိုင်ရန် သစ်တောဦးစီးဌာန အနေဖြင့်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်လေးများအား မွေးစားချင်သူများအနေဖြင့် ပထမဦးဆုံး တိရစ္ဆာန်ဥယျာဉ်များကို ဆက်သွယ်ရမည်ဖြစ်ကြောင်း၊ မိမိမွေးစားခြင်သော တိရစ္ဆာန်ကို မွေးစားခွင့် ရရှိနိုင်ခြင်းရှိမရှိ စုံစမ်းရမည်ဖြစ်ပြီး၊မိမိမွေးစားလိုသည့် ကာလအပိုင်းအခြားကို ဖော်ပြရမည်ဖြစ်ကြောင်း၊ထို့အပြင်မိမိမွေးစားလိုသော ကာလအပိုင်းအခြားနှင့် တိရစ္ဆာန်အား အတည်ပြုချက်ရယူပြီးပါက သတ်မှတ်ထားသောနှုန်းထားကို လူကိုယ်တိုင်ဖြစ်စေ/ ဌာနမှ စီစဉ်ထားသည့် ငွေပေးချေမှုစနစ်ဖြင့်ဖြစ်စေ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်လေးများကို ခေတ္တယာယီမွေးစားခွင့် (Animal Adoption) ဆိုသည်မှာ တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်လေးများ ၏ အစားအဟာရနှင့် ဆေးဝါးကုသစရိတ်ကို ကူညီထောက်ပံ့ပေးသော အဟာရဒါနလှူဒါန်းမှုပြုလုပ်သည့် အစီအစဉ်ဖြစ်ကြောင်းသိရသည်။

“အထူးသဖြင့် လူထုအတွင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အသိအမြင်များ တိုးပွားလာစေရန်နှင့် တိရစ္ဆာန်လေးများအား သနားကြင်နာ ချစ်မြတ်နိုးတတ်လာစေရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်သည့်အတွက် မွေးစားခွင့်ရရှိတဲ့ တိရစ္ဆာန်လေးတွေကို အိမ်ကိုခေါ်ယူခွင့် မရှိပါဘူး။’’ ဟု ဦးပြည့်စုံမျိုးက ဆက်ရှင်းပြသည်။

တိရစ္ဆာန်လေးများအား မွေးစားခွင့်သက်တမ်းကို (၁) လ၊ (၃) လ၊ (၆) လ သတ်မှတ်ထားကြောင်း၊ အနည်းဆုံး မွေးစားခွင့်ကာလမှာ (၁) လဖြစ်ကြောင်း သိရသည်။ လက်ရှိ တိရစ္ဆာန်ဥယျာဉ်အသီးသီးရှိ တိရစ္ဆာန်များ ၏ ကျန်းမာရေးအခြေအနေမှာ တိရစ္ဆာန်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် ဆေးကုသရေးဌာန၊ တာဝန်ခံ တိရစ္ဆာန်ဆေးကုသဆရာဝန်များ၏ ပြုစု စောင့်ရှောက် ထိန်းသိမ်းမှုအောက်တွင်ရှိသောကြောင့် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ ယခုလက်ရှိအခြေအနေတွင် တိရစ္ဆာန်ဥယျာဉ်ဌာန အနေဖြင့် နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှု ရရှိနိုင်ရန် တင်ပြထားဆဲဖြစ်ကြောင်းဆိုသည်။
တိရစ္ဆာန်ဥယျာဉ်များနှင့် ပန်းဥယျာဉ်များကို သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် မတ်လ(၂၆)ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၄၉၂/ တိဥယျာဉ်/ ၂၀၂၀ ဖြင့် ၂၀၂၀ခုနှစ် သြဂုတ်လ(၂၆) ရက်နေ့(၁၅း၀၀) နာရီမှ စတင်၍ နောက်ထပ်တစ်စုံတစ်ရာ ညွှန်ကြားချက်မပြုမခြင်း ပိတ်ထားရန်အကြောင်းကြားလာသည့်အတွက် ဥယျာဉ်အား လုံး ပိတ်ထားသည်မှာ (၇) လနီးပါးခန့်ရှိပြီ ဖြစ်ကြောင်း၊ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ဆာဖာရီဥယျာဉ်(နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်ရန်ကုန်၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ဟူ၍ တိရစ္ဆာန်ဥယျာဉ် ၄ ခုရှိကြောင်း သိရသည်။ (Xinhua)