Connect with us

Social

YBS စီးနင်းသူ လျော့ကျနေ၍ ယာဉ်လိုင်းနှင့် မော်တော်ယာဉ်စီးရေလျှော့ချပြေးဆွဲ

နှာခေါင်းစည်းဖြင့် YBS စီးနင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် YBS စီးနင်းသည့်ခရီးသည်ဦးရေသည် နေ့စဉ်လျော့ကျလျက်ရှိရာ အချို့ယာဉ်လိုင်းများတွင် ခရီးသည်စီးနင်းမှုမရှိသလောက်ဖြစ်နေသောကြောင့် ယခင်ယာဉ်လိုင်းပေါင်း ၁၂၄လိုင်း၊ ယာဉ်အစီးရေး ၄,၅၀၀ ဝန်းကျင် ပြေးဆွဲနေရာမှ ယခု ယာဉ်လိုင်း ၉၀ ဝန်းကျင်၊ မော်တော်ယာဉ်စီးရေ ၁,၂၉၁ စီးဖြင့်သာ ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ဆင်ဟွာသို့အောက်တိုဘာ ၁၃ ရက်တွင်ပြောကြားသည်။

“တချို့ယာဉ်လိုင်းတွေမှာဆိုရင် မနက်ပိုင်းမှာ YBS စီးသူဦးရေက လူ (၂၀) လောက်ပါတာရှိတယ်။ နေ့ခင်းပိုင်းဆိုရင် လူ ၅ယောက်၊ ၆ယောက် သာစီးသူရှိတယ်။ စီးသူအင်အားနဲ့ ကိုက်ညီမှုရှိအောင် ကျွန်တော်တို့ အနေနဲ့ ယာဉ်လိုင်းအတိုးလျှော့၊ ယာဉ်အစီးရေအတိုးအလျှော့လုပ်ပြီးပြေးဆွဲရပါတယ်’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

COVID-19 ရောဂါမဖြစ်ပွားခင်က ယာဉ်လိုင်းပေါင်း၁၂၄လိုင်း၊ ယာဉ်အစီးရေ ၄,၅၀၀ ဝန်းကျင်သည် နေ့စဉ်ခရီးသည်ပေါင်း ၁ဒဿမ၈သန်းကို ဝန်ဆောင်မှုပေးရသော်လည်း ယခုအခါ ခရီးသည်စီးနင်းမှုမှာ ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သောကြောင့် အချို့ယာဉ်လိုင်းများ၊ မော်တော်ယာဉ်များသည် ရပ်နားထားရကြောင်း သိရသည်။

ခရီးသည်စီးနင်းမှုလျော့နည်းလာသောကြောင့် ယာဉ်လိုင်းနှင့်ယာဉ်စီးရေကို တဖြည်းဖြည်းလျှော့ချပြေးဆွဲ ရခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလဆန်းတွင် ယာဉ်လိုင်း ၁၀၂လိုင်းပြေးဆွဲခဲ့ရာမှ ယခုရက်ပိုင်းတွင် ယာဉ်လိုင်း ၉၀ ဝန်းကျင်အထိ လျှော့ချပြေးဆွဲရခြင်းဖြစ်ကြောင်း၊ သို့သော် social distancing ဖြင့် စီးနင်းနိုင်ရန် မော်တော်ယာဉ်များကို ရုံးတက်၊ ရုံးဆင်းချိန်များ တွင်အဆက်မပြတ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)