Connect with us

Social

မြန်မာနိုင်ငံ မြို့ကြီးများ ၂၀၃၀ ၌ လူဦးရေ နှစ်ဆ တိုးလာနိုင်ဟု ပြည်ထောင်စုဝန်ကြီးပြော 

ညီလာခံ ဖွင့်လှစ်ခြင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် အဖွင့်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူဦးရေ နှစ်သိန်း အထက်ရှိသော မြို့ကြီးများ၌ နေထိုင်သူ ဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆ တိုးလာနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့သည်။

“မက်ကင်ဆေး(McKinsey) သုတေသန အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်အရ ခန့်မှန်းထားတာ ဖြစ်ပါတယ်၊ မြို့ပြများ ဖွံ့ဖြိုးရေးအတွက် နှစ် ၂၀ အတွင်းမှာ အမေရိကန် ဒေါ်လာ ၁၄၆ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ခုနစ် ဘီလျံလောက် ရင်းနှီး မြှုပ်နှံသွားရမှာ ဖြစ်ပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

ညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် MICC II တွင် ယနေ့ကျင်းပသော အမျိုးသား မြို့ပြမူဝါဒ ချမှတ်ရေး ညီလာခံ အဖွင့် မိန့်ခွန်း၌ ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြို့ပြစစ်တမ်းအရ မြို့ပြတွင် နေထိုင်သူ လူဦးရေသည် ၂၀၁၄ တွင် ၁၅ ဒသမ ၄ သန်း(လူဦးရေ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း) ရှိရာမှ ၂၀၃၀ တွင် သန်း ၂၀ ခန့်အထိ တိုးတက်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊မြန်မာ ပြည်သူ ပြည်သားတို့အတွက် ရေရှည်အကျိုး ဖြစ်ထွန်းပြီး အပြောင်းအလဲများနှင့် မြို့ပြ ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ပေးနိုင်မည့် အမျိုးသား မြို့ပြ မူဝါဒကို ခိုင်မာစွာနှင့် နည်းလမ်း မှန်ကန်စွာ ချမှတ်သွားနိုင်ရေး အတွက် အစိုးရက ဦးစီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံ လိုအပ်ချက်များနှင့် မြို့ပြ ပြသနာများကို မဟာဗျူဟာ ကျကျ ဖြေရှင်းနိုင်ရန် အစိုးရ၏ မြို့ပြ ဝန် ဆောင် မှုများ၊ အုပ်ချုပ်ရေး အဖွဲ့များတွင် ICT နှင့် ချိတ်ဆက်ပြီး smart solution များဖြင့် အဖြေရှာ လာကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မြို့ပြ မူဝါဒ ချမှတ်ရေးတွင် Smart City ဖွံ့ဖြိုးရေး လုပ်ငန်း စီမံချက်များ ချိတ်ဆက် ပါဝင်လာစေရန် ကြိုးပမ်းသွားရန် လိုအပ်ကြောင်းလည်း ပြည် ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ညီလာခံတွင် မြို့ ပြ မူဝါဒ ချမှတ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဆွေးနွေးပွဲများမှ ပေါ်ထွက်လာမည့် ဦးစားပေး လုပ်ငန်း နယ်ပယ် ရှစ်ခုအပေါ် ပြောင်းလဲမှု၊ ဖွဲ့စည်း ပုံဖော်မှုများ ဆောင်ရွက်နိုင်ရန် အကြံပြု ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)