Connect with us

Social

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ စားသုံးသူတိုင်ကြားမှုပေါင်း ၁၁၇၅ ခုရှိခဲ့ကြောင်းဆို

DOCA Myanmar Mobile Application အားတွေ့ရစဉ် (ဓာတ်ပုံ-- စားသုံးသူရေးရာဦးစီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ စားသုံးသူတိုင်ကြားမှုပေါင်း ၁၁၇၅ ခုရှိခဲ့ကြောင်း၊ အဆိုပါတိုင်ကြားမှုများ အနက် အင်တာနက်ဆက်သွယ်ရေးဆိုင်ရာတိုင်ကြားမှုမှာ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဆင်ဟွာသို့ နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

“အင်တာနက်ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု နဲ့ ပတ်သက်ပြီး တိုင်ကြားမှုအများဆုံးဖြစ်တယ်။ ပြီးတော့ငွေကြေးလွှဲပြောင်းတာတွေနဲ့ ပတ်သက်ပြီးတိုင်ကြားမှုက ဒုတိယအများဆုံးဖြစ်တယ်။ တတိယကတော့ အွန်လိုင်းမှာ ပစ္စည်းတွေဝယ်ယူမှုနဲ့ ပတ်သက်ပြီး လွဲမှားမှုတွေဖြစ်လို့တိုင်ကြားတာ၊ အဲဒီ သုံးခုကတော့ ဒီနှစ်ထဲမှာ တိုင်ကြားမှုအများဆုံးဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အင်တာနက်ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တယ်လီဖုန်းဘီလ် ငွေပိုဖြတ်ခြင်း၊ အင်တာနက်များလိုင်းမကောင်းခြင်းတို့နှင့် ပတ်သက်၍ တိုင်ကြားမှုအများဆုံးဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အစားအသောက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်တန်းမှုများခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အထိ ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်တန်းမှုများ ပိုမိုများပြားလာကြောင်း သိရသည်။

မူလကတိကဝတ်ပေးသည့်အတိုင်းမဖြစ်တာမှန်သမျှအား ဥပဒေနှင့်အညီဖြေရှင်းပေးခဲ့ကြောင်း၊ စားသုံးသူအနေဖြင့် နစ်နာသည်ဟုထင်ပါက မည်သို့တိုင်တန်းရမည်ကို သိလာကြောင်း၊ ထို့အပြင် အွန်လိုင်း၊ မိုဘိုင်းဖုန်းများမှတစ်ဆင့်လည်းတိုင်တန်းလာနိုင်သည့် အတွက် အလွယ်တကူ တိုင်တန်းလာကြကြောင်းသိရသည်။

“စားသုံးသူကာကွယ်ရေးဥပဒေနဲ့အညီ တိုင်ကြားမှုတွေကိုဖြေရှင်းပေးနေပါတယ်။ တိုင်ကြားလာရင် တိုင်ကြားလာတဲ့ အမှုကိုစိစစ်ပါတယ်။ စားသုံးသူဘက်ကနစ်နာတာမှန်တယ်ဆိုရင် ကျွန်တော်တို့က ဒီဥပဒေအရ ဖြေရှင်းပေးပါတယ်။ပထမအဆင့်အနေနဲ့ စေ့စပ်ညှိနှိုင်းမှုကိုလုပ်ပါတယ်။ အဲဒီအခါမှာ အချက်သုံးချက်ပေါ့၊ ပစ္စည်းပြန်ပြင်ခိုင်းတာ၊ ပစ္စည်းပြန်လဲခိုင်းတာနဲ့ နောက်ဆုံးတစ်ခုက မူလငွေတန်ဖိုးပြန်အမ်းခိုင်းတာနဲ့ ဖြေရှင်းပေးပါတယ်။’’ ဟု ဦးဆွေတင့်ကြူး က ဆက်ပြောသည်။

စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ ထိုသို့တိုင်ကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသည့်သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံရေးစင်တာ များမှတစ်ဆင့် တိုင်ကြားနိုင်သည့်အပြင် www.doca.gov.mm ဝက်ဘ်ဆိုက်နှင့် DOCA Myanmar Mobile Application မှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.