Connect with us

Social

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ကို အွန်လိုင်းအခမ်းအနားဖြင့်ကျင်းပမည်

ဆော့ကစားနေသည့် ကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့အခမ်းအနားကို COVID-19 ရောဂါဖြစ်ပွားသည့်ကာလဖြစ်သောကြောင့် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ အွန်လိုင်းအခမ်းအနားဖြင့် အကျဉ်းရုံး ကျင်းပသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။

“ဒီနှစ်ဆိုရင် ကလေးများနေ့ ကိုမြန်မာနိုင်ငံမှာ ကျင်းပတာ ၃၁ ကြိမ်မြောက်ရှိပါပြီ။ အခမ်းအနားမှာ ကလေးသူငယ်အခွင့်အရေးနဲ့ ပတ်သက်တဲ့ Video Clip ပြသမယ်။ပြီးတော့ ကလေးသူငယ်တွေရဲ့ ကိုယ်စား အသက် ၁၄နှစ်အရွယ်ကလေးသူငယ်တွေအအခွင့်အရေးအတွက် တင်ပြတောင်းဆိုမယ့်အစီအစဉ်လည်းပါဝင်မှာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ဆော့ကစားနေသည့် ကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ) 

ယခင်နှစ်များတွင် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကြောင့် အကျဉ်းရုံး ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ ကလေးသူငယ်များတွင် အဓိက အားဖြင့် အခွင့်အရေး ၄ ရပ်ရှိပြီးယင်းတို့မှာ ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးတို့ဖြစ်ကြောင်း သိရသည်။

“ကလေးဆိုတာ အတူနေရတာက မိဘတွေ၊မိသားစုတွေနဲ့ အတူနေရတယ်။ COVID-19 ကာလမှာကျောင်းလည်း မသွားရဘူး။ မိသားစုအတွင်းကလေးတွေပါဝင်ဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ ကလေးသူငယ်ဆိုတာ အခွင့်အရေးပေးရမယ်။ ဒါမှ သူရဲ့တွေးခေါ်နိုင်တဲ့ အစွမ်းတွေတက်လာမှာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ကလေးတွေ အသက်၃ နှစ်အတွင်း ၈၀ ရာခိုင်နှုန်းဖွံ့ဖြိုးပြီးသွားပြီ။ ထပ်ပြီးတိုးတက်နိုင်တာ ၂၀ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါကြောင့် လက်ဦးဆရာ မိဘတွေက အရေးကြီးဆုံးဖြစ်လို့ ကလေးငယ်တွေရဲ့ ပါဝင်ဆုံးဖြတ်ခွင့် ကိုပေးဖို့တိုက်တွန်းချင်ပါတယ်’’ ဒေါက်တာစန်းစန်းအေးက ဆက်ပြောသည်။

ယခုနှစ်သည် COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ကလေးသူငယ်များသည် အပေါင်းအသင်းများဖြင့် ဆော့ကစားခွင့် နှင့် ရွယ်တူချင်း ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်နိုင်ဘဲ ရှိနေခဲ့ရသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “COVID-19 ကြောင့် ကျောင်းကပုံမှန်မဖွင့်နိုင်တော့ ဒီနှစ်မှာ ပညာသင်ယူခွင့်နဲ့ ပတ်သက်ပြီး ကလေးတွေ သက်ရောက်မှုကတော့ အများကြီးရှိခဲ့ပါတယ်” ဟုဆင်ဟွာသို့ ပြောသည်။

ဆော့ကစားနေသည့် ကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယခင်က ၁၉၉၃ ခုနှစ်ကလေးသူငယ် ဥပဒေအရ အသက် ၁၆ နှစ်အထိ ကလေးသူငယ်ဟူ၍ သတ်မှတ်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့ပြီးနောက် အသက် ၁၈ နှစ်အထိ ကလေးသူငယ်ဟုသတ်မှတ်ကြောင်း သိရသည်။

“ကလေးဆိုတာက မိသားစုအနာဂတ်၊ ရပ်ရွာအနာဂတ်၊ နိုင်ငံတော်ရဲ့အနာဂတ်ဖြစ်တယ်။ကလေးကိုနည်းလမ်း ပေါင်းစုံနဲ့ ရင်းနှီးမြှုပ်နှံရင် နိုင်ငံအတွက် အနာဂတ်မှာ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်’’ ဒေါက်တာစန်းစန်းအေးက ဖြည့်စွက်ပြောကြားသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကိုစတင်အတည်ပြုခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာကလေးသူငယ်များနေ့ ဟူ၍ သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ် အခမ်းအနားများကျင်းပခဲ့ကြောင်း ၊ မြန်မာနိုင်ငံသည်လည်း အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် စတင်အတည်ပြုချုပ်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.