Connect with us

Social

နေပြည်တော်၌ အငြိမ်းစား ဝန်ထမ်းအိမ်ယာ အခန်းများ ဒုတိယ အကြိမ် မဲနှိုက် နေရာချ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးအနီးတွင် ဆောက်လုပ်လျက်ရှိသည့် အငြိမ်းစား ဝန်ထမ်း အိမ်ယာများကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား – တောင်ညို လမ်းမဘေး၊ မြို့မဈေး အနီးရှိ အငြိမ်းစား ဝန်ထမ်း အိမ်ယာတွင် ပထမအဆင့် ဆောက်လုပ်နေသည့် တိုက် ၃၉ လုံးမှ အခန်းများ အနက် မဲနှိုက်ရန် ကျန်ရှိနေသည့် အခန်း ၄၂ ခန်းအား မဲနှိုက် နေရာချထားခြင်း အခမ်းအနား ကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မင်္ဂလာ ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်၊ အငြိမ်းစား ဝန်ထမ်းအိမ်ယာ တည်ဆောက် ရေး ဦးစီးကော်မတီဝင် ဦးမင်းသူက ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

“နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ ဝန်ထမ်းတွေ အငြိမ်းစား ယူတဲ့အခါ အိုးပိုင် အိမ်ပိုင်နဲ့ နေသွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော် အကြီးအကဲတွေက လုပ်ပေးတဲ့ အစီအစဉ်ပါ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ငွေစိုက်ထုတ်ထားပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့က ဆောက် လုပ်ပေးတာပါ၊ ပထမအကြိမ်တုန်းက အခန်းပေါင်း ၁၇၀ ကျော်ကို မဲနှိုက်ပေးခဲ့ပါတယ်၊ ကျန်နေတဲ့ အခန်းတွေကို အခု ဒုတိယ အကြိမ်မှာ မဲနှိုက် နေရာချပေး တာပါ” ဟု ဦးမင်းသူက ရှင်းလင်း ဖြေကြား ခဲ့သည်။

အဆိုပါ ပထမအဆင့် ဆောက်လုပ်ခဲ့သည့် တိုက် ၃၉ လုံးရှိ အခန်းများအနက် စက်တင်ဘာလ ၁၆ ရက် နှင့် ၁၇ ရက်၌ ပထမအကြိမ် အဖြစ် မဲနှိုက်ရာတွင် မြေညီထပ်၊ ပထမ ထပ်နှင့် ဒုတိယ ထပ်ရှိ အခန်း များ အကုန် ရောင်းထွက်သွားပြီး တတိယ ထပ်၌သာ အခန်း အနည်းငယ် ကျန်ရှိတော့ ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အစိုးရ ဝန်ထမ်းများလည်း ဝယ်ယူခွင့်ရှိပြီး မကြာမီတွင် အဆိုပါ အငြိမ်းစား အိမ်ယာရှိ အခန်းများကို အများပြည်သူများ ဝယ်ယူ ခွင့် ရရှိရေး စီစဉ်လျက် ရှိကြောင်း၊ အခန်းတစ်ခန်း၏ တန်ဖိုးမှာ အထပ်ကိုလိုက်၍ မြေညီထပ် ကျပ် သိန်း ၂၅၀ ၊ ပထမထပ် ကျပ် သိန်း ၂၄၀၊ ဒုတိယ ထပ် ၂၃၀ နှင့် တတိယ ထပ်၌ ကျပ် သိန်း ၂၂၀ အသီးသီး ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီသည် တိုက်ခန်း ၁၆ ခန်းပါ လေးခန်းတွဲ၊ လေးထပ် 4U4S တိုက် ၁၈၉ လုံးတို့ကို စီမံကိန်း အဆင့် နှစ်ဆင့် ခွဲပြီးဆောက်လုပ်လျက်ရှိရာ ပထမအဆင့် ၆၄ လုံး အနက် ၃၉ လုံး ပြီးစီးခဲ့ကြောင်း ၊ ကျန်တိုက် ၂၄ လုံးသည် ဒီဇင်ဘာလ အကုန်တွင်လည်းကောင်း၊ ဒုတိယ အဆင့် ၁၂၆ လုံးတို့ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ လအကုန်တွင်လည်းကောင်း ပြီးစီးရန် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.