Connect with us

Sport

မြန်မာလက်ရွေးစင်အသင်း နှင့် ထိုင်းလက်ရွေးစင်အသင်းတို့ မန္တလေးမြို့၌ ခြေစမ်းမည်

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မြန်မာလက်ရွေးစင်အသင်းသည် အာဆီယံထိပ်သီး ထိုင်းလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာလက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း အာဆီယံဒေသတွင်းအသင်းများနှင့် ခြေစမ်းပွဲကစားလျက်ရှိပြီး အင်ဒိုနီးရှား၊ စင်ကာပူလက်ရွေးစင်တို့နှင့် ကစားအပြီးတွင် ထိုင်းလက်ရွေးစင် အသင်းနှင့် ထပ်မံခြေစမ်းခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁ဝ ရက်တွင် ယှဉ်ပြိုင် ကစားရမည့် ကာဂျစ္စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲမတိုင်မီ ယခုခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး မူလက ရန်ကုန်မြို့တွင် ကစားရန် စီစဉ်ထားသော်လည်း မန္တလေးမြို့မှ မြန်မာဘောလုံးပရိသတ်များ ကြည့်ရှုအားပေးနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြောင်းလဲစီစဉ်ခဲ့ခြင်းဖြစ်သည်။ မန္တလာသီရိဘောလုံးကွင်းကို ၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယင်းဘောလုံးကွင်းတွင် အမျိုးသမီးလက်ရွေးစင်အသင်းပြိုင်ပွဲ များ၊ အမျိုးသားလူငယ်လက်ရွေးစင်အဆင့်ပြိုင်ပွဲများ၊ ခြေစမ်းပွဲများ၊ မန္တလေး တိုင်းဒေသကြီးကိုယ်စားပြု ရတနာပုံအသင်း၏ နိုင်ငံတကာကလပ်ပြိုင်ပွဲများ၊ ပြည်တွင်းလိဂ်ပွဲစဉ်များကို လက်ခံကျင်းပလျက်ရှိသော်လည်း မြန်မာလက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နိုင်ငံတကာခြေစမ်းပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းနှင့် ခြေစမ်းမည့်အသင်းမှာလည်း အာဆီယံထိပ်သီးအသင်းဖြစ်သည့် ထိုင်းလက်ရွေးစင်အသင်းဖြစ် သောကြောင့် မန္တလေးမြို့မှ မြန်မာဘောလုံးပရိသတ်များ ကြည့်ရှုအားပေးရကျိုးနပ်မည့် ခြေစမ်းပွဲဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် ယခုနှစ်တွင် နိုင်ငံတကာခြေစမ်းပွဲ ငါးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး သုံးပွဲကစားထားပြီးဖြစ်ကာ နှစ်ပွဲကစားရန်ကျန်ရှိ နေသည်။ မြန်မာလက်ရွေးစင်အသင်းသည် မတ် ၂၃ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် အဝေးကွင်း၊ ဇွန် ၆ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်း၊ ဇွန် ၉ ရက်တွင် စင်ကာပူကလပ် နီဂါတာအသင်းနှင့် အဝေးကွင်း ခြေစမ်းပွဲများယှဉ်ပြိုင်ကစားခဲ့ပြီး အင်ဒိုနီးရှားကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ကာ စင်ကာပူနှင့် တစ်ဂိုးစီ သရေ၊ နီဂါတာအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာလက်ရွေးစင် အသင်းသည် အောက်တိုဘာလတွင် ထိုင်းလက်ရွေးစင်အသင်းနှင့် ကစားမည် ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနှင့် အဝေးကွင်း ခြေစမ်းပွဲ ထပ်မံကစားရန် သဘောတူညီမှုရထားကြောင်း သိရသည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ပထမအကျော့အိမ်ကွင်းတွင် နှစ်ဂိုး-ဂိုးမရှိ၊ ဒုတိယအကျော့အဝေးကွင်းတွင် လေးဂိုး-ဂိုးမရှိဖြင့် နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲများအဖြစ် စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်နှင့် အဝေးကွင်း၊ အောက်တိုဘာ ၁ဝ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယအသင်းနှင့် အဝေးကွင်း၊ ၂ဝ၁၈ ခုနှစ် မတ် ၂၇ ရက်တွင် မကာအို အသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.