Connect with us

Sport

အာရှယူ-၁၉ ဘောလုံး ခြေစစ်ပွဲအကြိုမြန်မာနှင့် လာအိုအသင်း ဘောလုံးခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင် ယူ ၁၉ ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) 

နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ဘောလုံးခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် လာအို ယူ-၁၉ ဘောလုံးအသင်းတို့သည် အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် နိုင်ငံတကာခြေစမ်းပွဲကစားခြင်း ဖြစ်ပြီး လာအိုအသင်းနှင့်ကစားရန် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ယခုနှစ်ဆန်းပိုင်းကတည်းက စတင်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး အာရှခြေစစ်ပွဲအတွက်မူ စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်လေ့ကျင့်ခဲ့ကြောင်း သိရသည်။ 

မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိကျင်းပသည့် တရုတ်(တိုင်ပေ) ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် နိုင်ငံတကာခြေစမ်းပွဲ ကစားခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုလဆန်းပိုင်းတွင် တောင်ကြီးမြို့၌ ကာလတိုသွားရောက် လေ့ကျင့်ကာ ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပြီး အောက်တိုဘာ ၁၂ ရက်မှစ၍ ပဏာမကစား သမား ၂၉ ဦးဖြင့် ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်လျက်ရှိကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)