Connect with us

Sport

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ၃၀ အား လေ့ကျင့်မှုများပြုလုပ်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း ယှဉ်ပြိုင်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) တွင် ယှဉ်ပြိုင်ရန် မြန်မာ နိုင်ငံအနေဖြင့် ပဏာမအဆင့် ရွေးချယ်ထားသည့် အားကစားနည်း ၃ဝ အား ပြည်တွင်း၊ ပြည်ပနိုင်ငံများ၌ လေ့ကျင့်မှုများပြုလုပ်လျက်၊ အောင်မြင် မှုရရန် ကြိုးပမ်းလျက်ရှိကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံသည် အားကစားနည်း ၃၈ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်မည့်အားကစားနည်းများအနက် ဆုတံဆိပ်ရနိုင်သည့် အားကစားနည်းများ၊ အားကစား အဖွဲ့ချုပ်များမှ ယှဉ်ပြိုင်လိုသည့်အနေအထားအပေါ်မူတည်၍ ပဏာမအဆင့်အနေဖြင့် အားကစားနည်းမျိုး ၃ဝ ရွေးချယ်ထားခြင်းဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပ ရေးကော်မတီသို့လည်း ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစား နည်းအလိုက် လူစာရင်းများကို ယခုလကုန်ပိုင်းနောက်ဆုံး ထား၍ တင်ပြရမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို မကြာမီအပြီးသတ် လူရွေးချယ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ရေကူး/ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာ၊ ဘိုးလင်း၊ လက်ဝှေ့၊ စက်ဘီး၊ ဓားရေး၊ ဟော်ကီ၊ ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေး၊ မွေလက်ဝှေ့၊ ပီတန်း၊ ပန်ကြပ်ဆီလတ်၊ ရွက်လှေ၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊Squash၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊Triathlon (သုံးမျိုးစုံ)၊ ဘော်လီဘော၊ အလေးမနှင့် ဝူရှူးတို့ဖြစ်ကြသည်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို သြဂုတ် ၁၉ ရက်မှ ၃ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားနည်းအချို့မှာ သြဂုတ် ၁၅ ရက် တွင် စတင်ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အားကစားနည်း ၃၈ မျိုးမှ ပြိုင်ပွဲအမျိုးအစားပေါင်း ၄ဝ၅ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် စုစုပေါင်း ၄ဝ၅ ခု ချီးမြှင့်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ ကို အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် အရေအတွက် ပိုမိုရယူနိုင်မှသာ နိုင်ငံအလိုက် အဆင့်ရရှိမှုတွင် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။ မြန်မာအားကစားအဖွဲ့သည် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့် (၇) နေရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.