Connect with us

Culture

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် တို့မှ ဆရာတော် ကြီးများနှင့် တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့  ဆရာတော်ကြီးများ နှင့် တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဆရာတော်ကြီးများ နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော် တို့အား တရုတ် ပြည်သူ့သမ္မတ နိုင်ငံ တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ ့သည် ယနေ့ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို ့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဆရာတော်ကြီးများ နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ရန်ကုန်မြို ့ကမ္ဘာအေး ကုန်းမြေရှိ ဝိဇယ မင်္ဂလာ ဓမ္မသဘင် ၌ တွေ့ဆုံ ခဲ့ရာတွင် ဆရာတော်ကြီးများက နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များ ၊ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး အတွက် ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

တရုတ်တိဘက် သုတေသန စင်တာမှ အကြီးအကဲ ဖြစ်သူ မစ္စတာ ကျန်းယွင်(Mr.Zhang Yun)က ယခုကဲ့သို့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဆရာတော်ကြီးများအား လာရောက် ဖူးမြှော်ခွင့် ရသည့် အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရှေးအစဉ်အဆက် ချစ်ခင် ရင်းနှီးမှု ရရှိပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု နှီးနှော ဖလှယ်မှု အစီအစဉ်များလည်း အမြဲ စဉ်ဆက် မပြတ် ပြုလုပ် ဆောင်ရွက် နေကြကြောင်း ၊ ယခုကဲ့သို့ တိဘက် ယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့မှ မြန်မာနိုင်ငံသို့ လာရောက်ပြီး နှီးနှောဖလှယ်မှုများသည် နှစ်နိုင်ငံ ချစ်ခင် ရင်းနှီးမှု အတွက် အကျိုးရှိမည်ဟု မျှော်လင့်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဆရာတော်ကြီးများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့နှင့် တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ဆရာတော်ကြီးများ နှင့် တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်တိဘက် သုတေသန စင်တာမှ အကြီးအကဲ ဖြစ်သူ မစ္စတာ ကျန်းယွင်(Mr.Zhang Yun)က နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

တိဘက် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဘုန်းတော်ကြီး ကျိကျုံး (Ji Zhong)က နှုတ်ခွန်းဆက် စကား မိန့်ကြားစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ဆရာတော်ကြီးများ နှင့် တရုတ်တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့တို့စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ရန်ကုန်မြို ့သန်လျှင် မင်းကျောင်း ဆရာတော် ဦးစန္ဒိမာ ဘိဝံသ က တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ နှီးနှောဖလှယ် ဆောင်ရွက်နေမှုများ ၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုများ ၊ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း မိန့်ကြားခဲ့သည်။

ထို့အတူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ၊ တိဘက် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဘုန်းတော်ကြီး ကျိကျုံး (Ji Zhong) နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ၊ တရုတ်တိဘက် ဆိုင်ရာ သုတေသန စင်တာမှ အကြီးအကဲ ဖြစ်သူ မစ္စတာ ကျန်းယွင်(Mr.Zhang Yun) ပါဝင်သည့် တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်သို့သွားရောက် လေ့လာခဲ့ပြီး ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန ဒေါက်တာ နန္ဒမာလာဘိဝံသ အပါအဝင် မဟာဌာနမှူး ဆရာတော်များ နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသက ကြိုဆို နှုတ်ခွန်းဆက် စကား မိန့်ကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် အကြောင်းများအား ရှင်းလင်း မိန့်ကြားခဲ့သည်။

တရုတ်တိဘက် ဆိုင်ရာ သုတေသန စင်တာ မှ အကြီးအကဲ ဖြစ်သူ မစ္စတာ ကျန်းယွင်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ရာတွင် ယခုကဲ့သို့အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်အား လာရောက် လေ့လာခွင့် ရသည့် အတွက် အတိုင်းမသိ ဝမ်းသာမိပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှေးအစဉ် အဆက် ချစ်ကြည်ရင်းနှီးမှု ရရှိပြီး ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေး နှစ်နိုင်ငံ နှီးနှော ဖလှယ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း ၊ ယခုကဲ့သို့နှစ်နိုင်ငံ ဗုဒ္ဓဘာသာ လာရောက် နှီးနှော ဖလှယ်ရသည့် အတွက် ရှေ့ဆက်ပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ၊ ဗုဒ္ဓ သာသနာ ပိုမို ပြန့်ပွား တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တိဘက် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဘုန်းတော်ကြီး ကျိကျုံး (Ji Zhong) နှုတ်ခွန်းဆက် စကား မိန့်ကြားပြီး တရုတ် တိဘက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အကြောင်းအရာများအား ရှင်းလင်း တင်ပြခဲ့သည်။

ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသက တရုတ်နိုင်ငံမှ တိဘက် ယဉ်ကျေးမှု အကြောင်းအရာများအား စုံစုံလင်လင် ကြားသိရသည့် အတွက် လွန်စွာ ဝမ်းမြောက်မိပါကြောင်း ၊ ယခုတွေ့ဆုံမှုသည် အလွန် အကျိုးရှိသည့် တွေ့ဆုံမှု ဖြစ်ကြောင်း ထည့်သွင်း မိန့်ကြားခဲ့သည်။(Xinhua)