Connect with us

Economy

မြန်မာ-တရုတ် နှစ်နိုင်ငံ တရားမဝင် သစ်ထုတ်လုပ်မှု ပပျောက်ရန် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်မည်

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက မြန်မာ-တရုတ်နှစ်နိုင်ငံ သစ်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ညှိနှိုင်း ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံ တရားမဝင် သစ်ထုတ်လုပ်မှု ပြဿနာများကို ထိရောက်စွာ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား သစ်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ညှိနှိုင်း ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

အဆိုပါ တရားမဝင် သစ်ထုတ်လုပ်ရေးများကို တစ်ဖက်တွင် ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်မည် ဖြစ်သလို တရားဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တရားမဝင် သစ်ထုတ်လုပ်မှု ပပျောက်အောင် အခုထက်ပိုပြီး နက်နက်နဲနဲ ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်” ဟု တရုတ်ပြည်နယ် သစ်တော စီမံ အုပ်ချုပ်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Mr.Fu Guiက ပြောကြားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ သစ်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ညှိနှိုင်း ဆွေးနွေးပွဲ (ဆင်ဟွာ)

မြန်မာ-တရုတ်နှစ်နိုင်ငံ သစ်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ညှိနှိုင်း ဆွေးနွေးပွဲ (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသတွင် တရားမဝင် သစ်ကုန်သွယ်မှုကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပုံရိပ်ကို ထိခိုက်နိုင်ပြီး တရားမဝင် သစ်ထုတ်လုပ်မှုကြောင့် သစ်တောများ ပျက်စီး ပြုန်းတီးခြင်းများနှင့် အတူ ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်း ပျောက်ကွယ်ခြင်း၊ ရာသီဥတု ပြောင်းလဲစေခြင်း အပြင်ဒေသခံ ပြည်သူများ၏ လူမှု စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ သက်ရောက် စေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ယနေ့ နေပြည်တော်တွင် စက်တင်ဘာ ၂၄ နှင့် ၂၅ ရက်နေ့တွင် ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား သစ်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ညှိနှိုင်း ဆွေးနွေးပွဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ တရုတ်ပြည်နယ် သစ်တော စီမံ အုပ်ချုပ်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Mr.Fu Guiနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ် စားလှယ်အဖွဲ့က ဒုတိယ ခေါင်းဆောင် Mr.George Duraတို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖိုးကျား ဆင်စခန်းသို့ သွားရောက် လေ့လာကြမည် ဖြစ်သည်။

မြန်မာ-တရုတ် တို့အကြား သစ်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ညှိနှိုင်း ဆွေးနွေးပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Southwest Forestry Universityမှ သစ်ကုန်သွယ်ရေး ဆိုင်ရာ မြန်မာ-တရုတ် ပူးတွဲလေ့လာမှု ရလဒ်များကို ပြန်လည်မျှဝေရန်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သစ်ကုန်သွယ်မှု အတွေ့အကြုံနှင့် အသိအမြင်များ ဖလှယ်ရန်၊ နယ်စပ်ဒေသ တရားမဝင် သစ်ကုန်သွယ်မှု၏ အခြေခံ ပြဿနာများကို ဖြေရှင်းရန်အတွက် လက်ရှိ ကြိုးပမ်းမှုများ၊ ပြဿနာများနှင့် စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့် အချက်များကို ဖော်ထုတ်နိုင်ရန် ကျင်းပခြင်း ဖြစ်သည်။ (Xinhua)