Connect with us

Social

တရုတ်နိုင်ငံ CITIC Group မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁ ဘီလီယံကျော် ထုတ်ချေး


ကျောက်ဖြူ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ စီမံကိန်းအရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ မှ တောင်သူ လယ်သမားများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CITIC Group မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ငွေကျပ် ၁.၅ ဘီလီယံ ထုတ်ချေး လျှက်ရှိကြောင်း CITIC ဆောက်လုပ်ရေး ကုမ္ပဏီ ဒုတိယ အထွေထွေ မန်နေဂျာ Mr. Frank Ma Chuanfu က ပြောကြားသည်။

စီမံကိန်းအရ ပထမ အကြိမ်အဖြစ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် ၂၀၁၅ ခုနှစ် မတ်လ မှ စတင်ပြီး ယခုချိန်ထိ ဒေသခံများမှ လုပ်ငန်းအစီအစဉ် တင်ပြကာ ချေးငွေများ လျှောက်ထားမှုကို လက်ခံ၍ ချေးငွေ ထုတ်ပေးခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ထပ်မံ၍ ယနေ့ မေလ ၂၁ ရက်နေ့တွင် နောက်ထပ် ကျေးရွာ ၂၅ ရွာကို ချေးငွေ ချေးပေးရန် လျှောက်လွှာများ စတင် လက်ခံလျှက် ရှိသည်။

“ကျွန်တော် မွေးမြူရေး လုပ်ငန်းလုပ်ဖို့ အတွက် တစ်သိန်းခွဲ ချေးဖို့ လျှောက်လွှာ လာတင်တာ၊ မရှိတဲ့လူတွေကို ခုလို ကူညီတာ ဝမ်းသာပါတယ်”ဟု စေတီရ ကျေးရွာမှ ဒေသခံ မောင်ရဲဇော်က ဆင်ဟွာ ကိုပြောသည်။

ထိုစီမံကိန်းမှ ကျေးရွာတစ်ရွာလျှင် ကျပ် သန်း ၃၀ စီ ရရှိမည် ဖြစ်သည်။

ကျောက်ဖြူမြို့နယ် စေတီရ ကျေးရွာဒေသခံများနှင့် တရုတ်နိုင်ငံ CITIC Group မှ တာဝန်ရှိသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ကျောက်ဖြူမြို့နယ် စေတီရ ကျေးရွာတွင် ငွေချေးလိုသူ ဒေသခံများ က မိမိတို့ လုပ်ကိုင်လိုသည့် လုပ်ငန်းအစီအစဉ် များကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကော်မတီထံသို့ တင်ပြကာ ချေးငွေများ လျှောက်ထား နေပုံ (ဆင်ဟွာ)

ငွေချေးလိုသူများ အနေဖြင့် လုပ်ကိုင်လိုသည့် လုပ်ငန်း အစီအစဉ် တင်ပြကာ ချေးငွေများ လျှောက်ထားရမည် ဖြစ်ပြီး ယင်း ရန်ပုံငွေကို သက်ဆိုင်ရာ ရွာမှ ရွေးကောက် တင်မြှောက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကော်မတီ၏ အစီအမံဖြင့် အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးမည် ဖြစ်သည်။

“ ကျွန်မ ပထမအကြိမ်မှာ လယ်လုပ်ဖို့ တစ်သိန်းချေးခဲ့တယ်၊ လုပ်ငန်းလုပ်ရတာ အဆင်ပြေသွားတယ်၊ ခုလိုချေးပေးတဲ့အတွက် ဝမ်းသာပါတယ်”ဟု ဒေါ်မြက ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ စီမံကိန်းသည် တရုတ်နိုင်ငံ CITIC Group ၏ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးဆိုင်ရာ တာဝန်ယူမှု (CSR= Corporate Social Responsibilities ) ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

ထို စီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုစဉ်က မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် တို့၏ ရှေ့မှောက်တွင် CITIC Group နှင့် မြန်မာနိုင်ငံ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့သည် နေပြည်တော်၌ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.