Connect with us

Social

ပြည်သူ့စာကြည့်တိုက်များအတွက် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့က ကွန်ပျူတာနှင့် ပရင်တာများ ပေးအပ်လှူဒါန်း

ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။ယခုကဲ့သို့ ကွန်ပျူတာနှင့် ပရင်တာများ လှူဒါန်းပေးခြင်းသည် ဌာနအနေဖြင့် Digital Library စနစ်သို့ ပြောင်းလဲရေး အစီအစဉ် ဆောင်ရွက်နေခြင်းကို များစွာအထောက်အကူပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဧပြီ ၁၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းပွဲ၌ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများတွင် ဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက်များတွင် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသည့် နည်းပညာများနှင့်အညီ Digital Library စနစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဌာနက ထုတ်ပေးမည့် ကွန်ပျူတာများနှင့် ယခုလှူဒါန်း လက်ခံရရှိသည့် ကွန်ပျူတာများဖြင့် Digital Library စနစ် ဆောင်ရွက်မည့် ရုံးများရှိ စာကြည့်တိုက်မှူးများအား e-Library Management System Software အသုံးပြုနည်း သင်တန်းပို့ချပေးနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Web Browser တွင် www.publiclibrary.gov.mm Domain အမည်အားရရှိထားပြီး ဖြစ်သည့်အပြင် Web Hosting Service ကိုလည်း ရယူထားပြီး ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် မေလမှစတင်၍ စာကြည့်တိုက် လုပ်ငန်းများကို Digital Library စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟို အသင်းဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး မစ္စတာ ရွှီးကျန့်ဂေါ်က Video Confrence ဖြင့် အမှာစကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးထံ မြန်မာ – တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးသစ္စာနှင့် တာဝန်ရှိသူများက ပြည်သူ့စာကြည့်တိုက်များအတွက် ကွန်ပျူတာနှင့် ကာလာပရင်တာ ၃၅ စုံကို ပေးအပ် လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှစ၍ ယခုအထိ တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၁၈ ခု ဖွင့်လှစ်ထားရှိပြီး အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံး ခန်းမ၊ ကွန်ပျူတာခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ အားကစား လေ့ကျင့်ရေးခန်းမတို့ ပါဝင်ကာ ပြည်သူများအသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း၊ ဖွင့်လှစ်ပြီးဖြစ်သည့် လူထုအခြေပြုဗဟိုဌာန ၁၈ ခု အပါအဝင် ခရိုင်၊ မြို့နယ်၊ မြို့ရုံးအားလုံးတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ အခမဲ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ထို့ပြင် စာကြည့်တိုက် လှုပ်ရှားမှုများ၊ ပြတိုက်ငယ် ပြင်ဆင်ထားရှိခြင်းများ၊ ကလေးစာဖတ်ခန်း လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)