Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ၌ စာသင်ခန်း ပြိုကျမှုများ ဖြစ်ပွားပြီး ကျောင်းသား ခုနှစ်ဦး သေဆုံး

ကင်ညာ နိုင်ငံ၌ စာသင်ခန်း ပြိုကျမှုများ ဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမြို့ရှိ စာသင်ကျောင်းဝင်း တစ်ခု၌ စက်တင်ဘာ ၂၃ ရက် အစောပိုင်းတွင် စာသင်ခန်း ပြိုကျမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး ကျောင်းသား ခုနှစ်ဦး သေဆုံးကာ အခြား ၅၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း အစိုးရ နှင့် စေတနာ ဝန်ထမ်း လုပ်ဆောင်နေသည့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကင်ညာ အစိုးရ အဖွဲ့ပြောရေးဆိုခွင့် ရှိသူ Cyrus Oguna က အဆိုပါ ပြိုကျမှုကြောင့် သက်ရောက်မှုရှိခဲ့သည့် စာသင်ခန်းများမှာ Precious Talent စာသင်ကျောင်းရှိ အထပ် နှစ်ထပ် ပုံစံ ဆောက်လုပ်ထားသော စာသင်ဆောင် တစ်ခုတွင် ဖြစ်၍ နံနက် ၆ နာရီ ၅၀ မိနစ် ဝန်းကျင် အချိန်တွင် ပြိုကျခဲ့ကြောင်း ပြောကြားခဲ့သည်။

Oguna က ပြိုကျမှု ဖြစ်စဉ်ကြောင့် သေဆုံးသူ အရေအတွက်အား အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ အား ကင်ညာတာ အမျိုးသား လွှဲပြောင်းရေး ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အစိုးရ အနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိသည့် ကျောင်းသားများ၏ ဆေးကုသမှု ကုန်ကျစရိတ်များကို ကျခံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကင်ညာ နိုင်ငံ၌ စာသင်ခန်း ပြိုကျမှုများ ဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

“ကျောင်းသား ၅၉ ဦးကို ကုသမှု ပေးဖို့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။သေဆုံးသူလဲ ခုနှစ်ဦး ရှိပါတယ်။ အဲဒီကျောင်းက ပုဂ္ဂလိက စာသင်ကျောင်း ဖြစ်ပေမယ့် အစိုးရက ဒဏ်ရာရတဲ့ ကျောင်းသားတွေ ဆေးကုသ ပေးဖို့ စီစဉ်ပေးနေပါတယ်။”ဟု ကင်ညာ အစိုးရ အဖွဲ့ပြောရေးဆိုခွင့် ရှိသူ Cyrus Oguna က ပြောကြားခဲ့သည်။

စိန့်ဂျွန်၏ လူနာတင်ယာဉ် ဆက်သွယ်ရေး မန်နေဂျာ Fred Majiwa က ပြိုကျမှု ဖြစ်ပွားခဲ့သည့် နှစ်ထပ်တိုက် အဆောက်အဦသည် သံ နှင့် သစ်သား ပေါင်းစပ် ဆောက်လုပ်ထားသည့် အဆောက်အဦ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Fred Majiwa က လက်ရှိ အချိန်တွင် ကယ်ဆယ်ရေး အဖွဲ့များက အပျက်အစီးများအား ရှင်းလင်း ဖယ်ရှားခြင်း များ ဆောင်ရွက်နေကြောင်း နှင့် နောက်ပိုင်းတွင် သတင်းအချက်အလက် အသေးစိတ်များကို ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အခင်း ဖြစ်ပွားချိန်တွင် အဆိုပါ စာသင်ကျောင်း၌ ကျောင်းသား မည်မျှ ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရှိ ရသေးဘဲ အစီရင်ခံချက်များ အရ ယင်းကျောင်းဝင်း အတွင်း ကျောင်းသား ဦးရေ ၈၅၀ ခန့်ရှိကြောင်း သိရ သည်။

ပြိုကျမှု ဖြစ်ပွားခဲ့သည့် အဆောက်အဦ၏ အပေါ်ထပ်တွင် အငယ်တန်း မူလတန်း ကျောင်းသားများ ရှိကြ သော်လည်း မြေညီထပ်ရှိ ၆ တန်း ၊ ၇ တန်း နှင့် ၈ တန်း ကျောင်းသားများသည် အများဆုံး ထိခိုက် ခံစား ခဲ့ကြောင်း သိရသည်။

ဘေးဒဏ်သင့် ကျောင်းသားများ၏ မိဘများသည် ပြိုကျမှု ဖြစ်ပွားခဲ့သည့် သတင်းကြောင့် အခင်းဖြစ်ပွားရာ နေရာသို့အပြေးအလွှား လာရောက်ခဲ့ကြကြောင်း သိရသည်။

စုံစမ်းစစ်ဆေးသူများက ယင်းအဆောက်အဦး ဆောက်လုပ်ရာတွင် ဘေးကင်း လုံခြုံမှု စည်းမျဉ်း စည်းကမ်း များကို ချိုးဖောက်မှု ရှိ ၊ မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။(Xinhua)