Connect with us

Africa & Middle East

တရုတ်နိုင်ငံက ဆူရာနမ်နိုင်ငံနှင့်အတူ ဆက်ဆံရေးတိုးမြှင့်ကာ ဇာတ်ခုံသစ်ပေါ်သို့ တက်လှမ်းရန် ဆန္ဒရှိ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဆူရာနမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yldiz Pollacl-Beighle တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပါရာမာရီဘို၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆူရာနမ်နိုင်ငံနှင့်အတူ ဆက်ဆံရေးတိုးမြှင့်ကာ အဆင့်သစ်သို့ တက်လှမ်းရန် ဆန္ဒရှိကြောင်း ဆူရာနမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နို်င်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

ဝမ်သည် ဆူရာနမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yldiz Pollacl-Beighle နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။Pollacl-Beighle က ၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူပြီးချိန်မှစ၍ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ဝမ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆူရာနမ်နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ရသည့်အတွက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးသည် သမိုင်းကြောင်း ရှည်ကြာလျက်ရှိပါကြောင်း၊ လွန်ခဲ့သည့် ၄၂ နှစ်အကြာက သံတမန်ဆက်ဆံရေးထူထောင်စကတည်းက တရုတ်နိုင်ငံနှင့် ဆူရာနမ်နိုင်ငံတို့သည် ယုံကြည်ရသော မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည်လည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

မေလက ဆူရာနမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ခေတ်သစ်ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံသည် ဆူရာနမ်နိုင်ငံနှင့်အတူ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ ဥပဒေစိုးမိုးရေး၊ လူသားအရင်းအမြစ်နှင့် ပြည်သူ့ကျန်းမာရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိသလို နှစ်နိုင်ငံ ဆက်ဆံရေးအား ဇာတ်ခုံသစ်ပေါ်သို့ မြှင့်တင်ရန် ရှိကြောင်း ဝမ်က ဆိုသည်။

ဆူရာနမ်နိုင်ငံ ဝန်ကြီးချုပ် Pollacl-Beighle ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး ခရီးစဉ်အား နွေးထွေးစွာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ဆူရာနမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်မှုအပေါ် အလွန်အရေးထားပါကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒအား လိုက်နာစောင့်ထိန်းခဲ့ပါကြောင်း၊ စီးပွားရေး၊ ပညာရေးနှင့် လူသားအရင်းအမြစ် လေ့ကျင့်ပေးရေး နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးမဲ့ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ကာရေဘီယံအသိုက်အဝန်းအကြား ဆက်ဆံရေးများ ခိုင်မာစေရန် ဆူရာနမ်နိုင်ငံက ထောက်ပံ့အားထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ဝမ်သည် ဆူရာနမ်နိုင်ငံသို့ နှစ်ရက်ကြာပုံမှန်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၂၃ ရက် ညပိုင်းက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံနှင့် ဆူရာနမ်နိုင်ငံအကြား နိုင်ငံခြားဘာသာ တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတို့အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.