Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ၌ ဈေးအတွင်း အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၂၂ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံရှိ ဘိုကိုဟာရမ်စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ ဈေးတစ်ခုတွင် ဖေဖော်ဝါရီ ၁၆ ရက် က အသေခံဗုံးခွဲသမား ၃ဦး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၂ဦးသေဆုံးခဲ့ပြီး ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနဖြစ်သည့် News Agency of Nigeria (NAN) က ဖေဖော်ဝါရီ ၁၇ရက်တွင်ဖော်ပြခဲ့သည်။

အသေခံဗုံးခွဲသမား ၃ဦးသည် ကွန်ဒူဂါမြို့ အစွန်းအဖျားရှိ ကာဆူဝါကီဖီ မြို့တွင် ဖေဖော်ဝါရီ ၁၆ရက် နှောင်းပိုင်းအချိန်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။မျက်မြင်သက်သေတစ်ဦးဖြစ်သူ Idrissa Bana ၏ ပြောကြားချက်အရ အသေခံဗုံးခွဲသမား ၃ဦးသည် လူစည်ကားသော ဈေးအတွင်း တစ်ပြိုင်နက်တည်း အသေခံဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်သည် ဈေးသိမ်းချိန်ဖြစ်၍ လူများစွာရှိနေကြောင်း ပြောကြားခဲ့သည်။ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုသည် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ပစ်မှတ်များကို ဗုံးခွဲတိုက်ခိုက်ရန် အမျိုးသမီးငယ်များကို အသုံးပြုမှုများလာကြောင်း သိရသည်။

ယခုလအစောပိုင်းတွင်လည်း နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် လူ ၆ဦးသေဆုံးပြီး အခြားလူ ၃၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။နိုင်ဂျီးရီးယားနိုင်ငံ တွင် ဘိုကိုဟာရမ်စစ်သွေးကြွများ ထကြွသောင်းကျန်းခဲ့သည့် ၂၀၀၉ခုနှစ်မှ စ၍ နိုင်ငံမြောက်ပိုင်းတွင် လူ ၂၀,၀၀၀ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)