Connect with us

Africa & Middle East

ဘူရွန်ဒီ နိုင်ငံတွင် ဘတ်စ်ကား တစ်စီး ချောက်ထဲ ထိုးဆင်းသွားရာ ၁၈ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရ

ဘူရွန်ဒီ နိုင်ငံတွင် ချောက်ထဲ ထိုးကျသွားသော ဘတ်စ်ကား၏ အပျက်အစီး ပုံအား တွေ့ရစဉ် ( ဓာတ်ပုံ - အင်တာနက် )

ဘူဂျမ်ဘူရာ ၊ ဧပြီ ၁၁ ရက် ( ဆင်ဟွာ )

ဘူရွန်ဒီနိုင်ငံ မြို့တော် ဘူဂျမ်ဘူရာ ( Bujumbura ) မြို့၏ အရှေ့ဖက် ၁၈ ကီလိုမီတာ အကွာခန့်တွင် ရှိသော ဘန်ဂါမြို့( Benga ) အနီးတွင် ဧပြီလ ၉ ရက် ညနေပိုင်းက လူစီး ဘတ်စ်ကား တစ်စီး ချောက်ထဲ ထိုးဆင်းသွားရာ လူပေါင်း ၁၈ ဦး သေဆုံးပြီး ၊ ၅၅ ဦး ဒဏ်ရာ ရသွားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများက ဆိုသည်။

ဘူရွန်ဒီ အစိုးရပိုင် ( OTRACO ) ပို့ဆောင်ရေး ကုမ္ပဏီမှ ပြေးဆွဲနေသည့် အဆိုပါ ဘတ်စ်ကားကြီးသည် ဘူရွန်ဒီမြို ့တော် ဘူဂျမ်ဘူရာ မှ Isare ခရိုင်ရှိ Rushubi မြို့သို့ဦးတည် မောင်းနှင်လာစဉ် ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲကျော်တွင် ဘန်ဂါမြို့ရှိ တောင်စောင်း တစ်နေရာ၌ ချောက်ထဲ ထိုးဆင်းသွားခြင်း ဖြစ်သည်။ ၎င်းဘတ်စ်ကားပေါ်တွင် ခရီးသည် မည်မျှ လိုက်ပါလာသည်ကို အတည်ပြုရန် ခက်ခဲကြောင်း ၊ ညဉ်နက်ပိုင်း အချိန်ထိ သေဆုံးသူ ၁၈ ဦး ၊ ပုံစံအမျိုးမျိုးဖြင့် ဒဏ်ရာ ရထားကြသည့် ခရီးသည် ၅၅ ဦးကို တွေ့ရှိရကြောင်း Isare ခရိုင် အုပ်ချုပ်ရေးမှူး Gilbert Niyonkuru က ဆိုသည်။
ဘတ်စ်ကား ချောက်ထဲ ထိုးကျသွားသည့် နေရာသည် ဘူဂျမ်ဘူရာ မှ ဘူဂါရာမာ ( Bugarama ) ( RN1 ) သို့ ချိတ်ဆက်ပေးမည့် လမ်းခွဲ အလွန် ၃ ကီလိုမီတာ အကွာခန့်နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ခရိုင် အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ သိရသည်။ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူ အများစုသည် ဘူဂျမ်ဘူရာ မြို့တော်တွင် ပန်းရံ လုပ်ကိုင်နေကြသည့် ဆောက်လုပ်ရေး လုပ်သားများ ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အသက်ရှင် ကျန်ရစ်သူ အချို့က ဆင်ဟွာ သတင်းဌာနသို့ပြောကြားရာတွင် ဘတ်စ်ကားကြီးသည် လမ်းတစ်လျှောက် အရှိန်ပြင်းစွာ မောင်းနှင်ခဲ့မှုကြောင့် ယခုကဲ့သို့တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်း ၊ အရှိန် ပြင်းလွန်းသဖြင့် ချောက်အတွင်း ကိုက်ပေါင်းများစွာ အလွန်တွင် ရပ်တန့်သွားသည် အထိ ကားမှာ အကြိမ်ပေါင်းများစွာ လိမ့်သွားခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.