Connect with us

Africa & Middle East

လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ခန့်က တိရစ္ဆာန်မမ်မီရုပ်ကြွင်းများ အီဂျစ်နိုင်ငံတွင် ရှာဖွေတွေ့ရှိ 

အီဂျစ်နိုင်ငံ Saqqaraတွင်ရှာဖွေတွေ့ရှိရသော မမ်မီရုပ်ကြွင်းများနှင့်ရုပ်ထုပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရှေးဟောင်း သုတေသန ဌာနအဖွဲ့သည် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတောင်ဘက် ၃၀ ကီလိုမီတာ အကွာတွင် ရှိသော Saqqara ဒေသတွင် တိရစ္ဆာန်မမ်မီရုပ်ကြွင်းများနှင့် ရုပ်ထုစသည်တို့ကို တွေ့ရှိရကြောင်း ၊ ၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ခန့်က ဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းဆိုင်ရာ ဝန်ကြီးဌာန(SCA) ဝန်ကြီး Khaled al-Anany က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည် ။

အီဂျစ်နိုင်ငံ ရှေးဟောင် သမိုင်းဝင်ကောင်စီ  (SCA)အကြီးအကဲ Mostafa Waziriက ယခုတွေ့ရှိရသော တိရိစ္ဆာန်မမ်မီရုပ်ကြွင်းများမှာ ခြင်္သေ့၊ကြောင်၊ မိကျောင်းနှင့် မြွေပါစသည့်တို့ဖြစ်ရာ သဏ္ဍာန်ဖော်စာလုံးများဖြင့်တန်ဆာဆင်ထားသည့် သစ်သားသေတ္တာတွင် ထည့်ကာ မြေအောက်တွင် မြုပ်နှံထားခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ရှေးဟောင်းအီဂျစ်ကြောင်နတ်သမီး Bastet ၏ရုပ်ထု ၇၅ ခု ၊ သစ်သားဖြင့်ပြုလုပ်ထားသော Neithနတ်သမီး ရုပ်ထု ၁ခု ၊ Osiris နတ်ဘုရား၏ ကြေးသွန်းရုပ်ထု ၅၇ ခုနှင့် ရွှံ့စေးဖြင့်ပြုလုပ်ထားသော မျက်နှာဖုံးနှင့်အဆောင်ပစ္စည်းများ၊ ပိုးတောင်မာ ကျောက်ထွင်းရုပ်ထု ၁ခုကိုလည်းတွေ့ရှိရကြောင်း Waziriကဆိုသည်။

ယခုတွေ့ရှိရသော ပိုးတောင်မာ ကျောက်ထွင်းရုပ်ထုမှာ လက်ရှိ ရှေးဟောင်းသုတေသနသမိုင်းတွင် တွေ့ရှိရသည့် အကြီးဆုံး ပိုးတောင်မာ ကျောက်ရုပ်ထုဖြစ်ကြောင်း ၎င်းက ဆိုသည်။Saqqara ဒေသသည်ရှေးဟောင်းအီဂျစ်ယဉ်ကျေးအမွေအနှစ်ကျန်ရစ်ရာ ဗဟိုနေရာဖြစ်ရာ ဖာရိုဘုရင်များ၏ ပိရမစ်များနှင့် မင်းညီမင်းသားမှူးမတ်မျိုးနွယ်များ ဂူသင်္ချိုင်းများကို တွေ့ရှိရာနေရာဖြစ်ကြောင်း ၊ ၎င်းတို့အနက် သမိုင်းသက်တမ်းအရှည်ကြာဆုံး ပိရမစ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၆၅၀ခန့်က ဖြစ်ကြောင်းသိရသည်။ (Xinhua)