Connect with us

Africa & Middle East

နိုင်ငံခြားသား ပါမောက္ခများနှင့် လဲလှယ်ရန် တာလီဘန် အကျဉ်းသား ၃ ဦးကို အာဖဂန်အစိုးရ လွှတ်ပေး

တာလီဘန်များက ပြန်ပေးဆွဲထားသော အမေရိကန်နိုင်ငံသားနှင့် ဩစတြေးလျနိုင်ငံသား ပါမောက္ခ နှစ်ဦးတို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် အစိုးရက တာလီဘန်များမှ ပြန်ပေးဆွဲထားသော အမေရိကန်နိုင်ငံသားနှင့် ဩစတြေးလျနိုင်ငံသား ပါမောက္ခများနှင့် လဲလှယ်ရန် Annas Haqqani အပါအဝင် အဓိက အကျဉ်းသား ၃ ဦးကို လွှတ်ပေးခဲ့ကြောင်း ဒေသခံ မီဒီယာက နိုဝင်ဘာ ၁၉ ရက်က ပြောခဲ့သည်။

“Annas Haqqani နဲ့အခြား Haqqani ကွန်ရက်အဖွဲ့ဝင် အကျဉ်းသား ၂ ဦးကို ဘာဂရမ်မြို့ကနေ လွှတ်ပေးလိုက်ပြီး ကာတာနိုင်ငံကို နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ရောက်ရှိသွားခဲ့ပါတယ်” ဟု Tolo News TV က ထုတ်လွှင့်ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အာဖဂန်နစ္စတန်၏ နိုင်ငံတကာမိတ်ဖက်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တာလီဘန် အကျဉ်းသမား ၃ ဦး လွှတ်ပေးရေးအတွက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း အာဖဂန် သမ္မတ မိုဟာမက် အာရှရက်ဖ် ဂါနီ (Mohammad Ashraf Ghani) က ကြေညာခဲ့သည်။

ယင်းသို့ အကျဉ်းသားများ စေလွှတ်ခြင်းသည် အခြေအနေအရဖြစ်ကြောင်းနှင့် နိုင်ငံ၏ ပဋိပက္ခအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာရေးအတွက် တာလီဘန်များနှင့် တိုက်ရိုက်ပြောဆိုရန် လမ်းပွင့်သွားမည်ဖြစ်ကြောင်း ဂါနီက ဆိုသည်။

တာလီဘန်များ ဖမ်းဆီးထားသည့် ပါမောက္ခ ၂ ဦးသည် အာဖဂန်နစ္စတန်ရှိ အမေရိကန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကဘူးလ်မြို့ အနောက်တောင်ဘက်ရှိ တက္ကသိုလ် အဆောက်အဦအနီးမှ ၂၀၁၆ ခုနှစ် ဩဂုတ်လက ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

သို့သော် အဆိုပါ ပါမောက္ခ ၂ ဦး လွတ်မြောက်သွားခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရုပ်မြင်သံကြားသတင်းအရ သိရသည်။

အကျဉ်းသားဖလှယ်ရေးအစီအစဉ်အရ အာဖဂန်အစိုးရက လွှတ်ပေးလိုက်သော Annas Haqqani သည် သေဆုံးသွားပြီဖြစ်သော Haqqani ကွန်ရက် စစ်သွေးကြွအုပ်စုခေါင်းဆောင်ဟောင်း Jalaluddin Haqqani ၏ သားဖြစ်သည်။ ကျန်ရှိသည့် အခြားသူ ၂ ဦးမှာမူ Hajji Mali Khan နှင့် Hafiz Rashid တို့ဖြစ်ကြောင်း သိရသည်။

Annas သည် နေအိမ်အကျယ်ချုပ်ဖြင့် ကာတာနိုင်ငံတွင် နေထိုင်သွားမည်ဟု ဆိုသည်။

အဆိုပါ Haqqani ကွန်ရက်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်နိုင်ငံက ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)