Connect with us

Africa & Middle East

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းမည်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းရေး ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။ 

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mustafa al-Kadhimi သည် အမေရိကန်နိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့စဉ်အတွင်း “အီရတ်နိုင်ငံပြင်ပတွင် အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့တွေ ပြန်လည်နေရာချထားမှုအတွက် စနစ်များနှင့် အချိန်ကို ဆွေးနွေးရန် အထူးအဖွဲ့တစ်ရပ် ဖွဲ့စည်းရေး” ကို အမေရိကန် တာဝန်ရှိသူများနှင့် သဘောတူခဲ့ကြောင်း INA က ဆိုသည်။ 

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က al-Kadhimi နှင့် တွေ့ဆုံစဉ် “သုံးနှစ်တာကာလအတွင်း နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့များ ရုပ်သိမ်းရေး ကတိ” ကို အတည်ပြုခဲ့ကြောင်းလည်း INA က ဖြည့်စွက်ဖော်ပြခဲ့သည်။

al-Kadhimi နှင့် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် အစိုးရ၏ တရားဝင်ဖိတ်ကြားချက်အရ ဝါရှင်တန်သို့ ဩဂုတ် ၁၈ ရက်က သွားရောက်ခဲ့ပြီး အစည်းအဝေးများစွာ ကျင်းပခဲ့သလို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆွေးနွေးမှု ဒုတိယအကြိမ် အစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။ 

ဘဂ္ဂဒက်လေဆိပ်၌ လုံခြုံရေးယာဉ်တန်းကို အမေရိကန် မောင်းသူမဲ့လေယာဉ် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ဖွဲ့ Quds Force ၏ တပ်မှူးဟောင်း Qassem Soleimani သေဆုံးခဲ့ပြီး နှစ်ရက်အကြာတွင် အီရတ်နိုင်ငံ လွှတ်တော်က အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ပြည်ပတပ်ဖွဲ့များ တည်ရှိမှုအဆုံးသတ်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို ဇန်နဝါရီ ၅ ရက်က အတည်ပြုခဲ့သည်။ 

ဇွန် ၁၁ ရက်က အမေရိကန်နိုင်ငံနှင့် အီရတ်နိုင်ငံ တာဝန်ရှိသူများက ဗီဒီယိုလင့်ခ်မှတစ်ဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အမေရိကန်က အီရတ်နိုင်ငံရှိ ၎င်း၏တပ်ဖွဲ့များကို ဆက်လက်လျှော့ချသွားမည်ဟု ကတိပြုခဲ့ပြီး နိုင်ငံအတွင်း အမြဲတမ်းစစ်တပ်ထားရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အီရတ်နိုင်ငံတွင် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အီရတ် တပ်ဖွဲ့ဝင်များကို ကူညီရန် အထူးသဖြင့် လေ့ကျင့်ခြင်းနှင့် အကြံပေးခြင်း ရည်ရွယ်ချက်များအတွက် အမေရိကန် တပ်ဖွဲ့ ၅,၀၀၀ ကျော်ကို တပ်ဖြန့်ထားလျက်ရှိကြောင်း သိရသည်။  (Xinhua)